
ရာနဲ့ချီတဲ့ အီကွေဒေါ ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၉ ရက်က ကိုမန်ဒိုစ် ဒယ်လာဖရွန် တယ်လာ ခေါ် ဘော်ဒါကွန်မန်ဒိုစ် အမည်ရှိ လက်နက်ကိုင်အုပ်စုက ချုပ်ကိုင်ထားတဲ့ အိမ်ခြံမြေတွေကို အစုလိုက်အပြုံလိုက် စီးနင်းမှုအတွင်း အိမ်ခြံမြေပိုင်ဆိုင်မှုဒေါ်လာ ၃၁၃ သန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အီကွေဒေါ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ စနစ်တကျ ရာဇ၀တ်မှုတွေလို တရားမ၀င်လှုပ်ရှားမှုတွေကနေ ရရှိတဲ့ ငွေကြေးပမာဏ အမြောက်အမြားကို နိုင်ငံတော်ဘဏ္ဍာရေးစနစ်ထဲကို လွှဲပြောင်းထည့်သွင်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ပိုင်ဆိုင်မှုတွေထဲမှာ အိမ်ခြံမြေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ခင်းတွေနဲ့ စက်ရုံတွေ အပါအဝင် ပစ္စည်း အမျိုးအမည်ပေါင်း ၁၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
အီကွေဒေါသမ္မတ ဒန်နီယယ်နိုဘိုအာက “ဒီကနေ့ အီကွေဒေါရဲ့ သမိုင်းမှာ ရာဇ၀တ်မှုဆိုင်ရာ စီးပွားရေးကို အကြီးမားဆုံး ထိုးနှက်ချက်ပေးခဲ့ပြီး FARC အတိုက်အခံတွေဖြစ်တဲ့ ဘော်ဒါ ကွန်မန်ဒိုစ် တပ်ဖွဲ့ဆီမှ ဒေါ်လာ သန်း ၂၃၀ ကျော်ရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိထားတယ်။ ဒီလို သမိုင်းဝင် စစ်ဆင်ရေးအတွက် အမျိုးသား ရဲတပ်ဖွဲ့ကို ဂုဏ်ပြုပါတယ်” လို့ လူမှုမီဒီယာ X မှာ ပို့စ်တင်ထားပါတယ်။
ဘော်ဒါကွန်မန်ဒိုစ်တပ်ဟာ ၂၀၁၇ ခုနှစ်မှာ FARC သူပုန်အဖွဲ့မှ အတိုက်အခံတွေနဲ့ ကိုလံဘီယာရဲ့ ညီညွတ်သော ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (AUC) ပြိုကွဲပြီးနောက် ဆက်ခံတဲ့ လာကွန့်စ် အဖွဲ့တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကိုလံဘီယာနဲ့ အက်ကွေဒေါ နယ်စပ်တလျှောက်မှာ လှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ဟာ ကိုကင်းနဲ့ ဆေးခြောက်တွေ စိုက်ပျိုးထုတ်လုပ်ခြင်း၊ နယ်စပ်လမ်းကြောင်းထိန်းချုပ်ခြင်းတွေနဲ့ လူသတ်မှု၊ လက်နက်မှောင်ခို၊ ငွေအလွှဲအပြောင်းလုပ်ခြင်း လို တခြားရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ အက်ကွေဒေါအစိုးရက ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် မေလတုန်းက အက်ကွေဒေါနိုင်ငံ ကုန်းတွင်းပြည်နယ် အိုရလ်ယာနာမှာ စစ်တပ်ကို တိုက်ခိုက်ပြီးတော့ အီကွေဒေါစစ်သား ၁၁ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်။
Source:Reuters