
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက အရပ်သား ၂ ယောက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၆ ရက် နေ့လယ် ၁၂ နာရီလောက်က လုံးခင်း ကျေးရွာအုပ်စု ဂေါက်ကွင်းအတွင်းနေထိုင်တဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်ထားတဲ့ လူ ၃ ယောက်က လင်ခရိုဇာကားနဲ့လာရောက် ဖမ်းဆီးခေါ်သွားတာလို့ ဆိုပါတယ်။
ဖမ်းခံရသူနဲ့ နီးစပ်သူတယောက်က “အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်တွေရဲ့ ရှေ့ဆင့်နောက်ဆင့်အဖမ်းခေါ်ခံရတာ။ ကားနဲ့ ခေါ်သွားတာ။ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလဲ မသိပါဘူး” လို့ ပြောပါတယ်။
ဒေါ်မော်ဆိုသူ အမျိုးသမီးနဲ့ ဦးကြည်လှဆိုသူတို့ဖြစ်ပြီး ဇူလိူင်လ ၁၈ ရက်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိသူဒေသခံတယောက်က “လက်နက်ကိုင်ထားတဲ့ အဖွဲ့လို့ပဲသိရတယ်။ ဘယ်အဖွဲ့ဆိုတာ အမှတ်အသားမတွေ့ရတော့မသိဘူး။ အဖမ်းခံရသူတွေက အရပ်သားတွေပါ။ ၂ ယောက်က မိသားစုတော်စပ်သူတွေမဟုတ်ဘူး” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ အရပ်သားတွေ ပစ်ခတ်သတ်ဖြတ်ခံရတာအပြင် အခုလို လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာတွေလည်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင် ၆ ရက်ကလည်း ဖားကန့်မြို့နယ် မမုံကျေးရွာက လူငယ်တယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ပထမအပတ်ကလည်း ဖားကန့်ဒေသ လုံးခင်ကျေးရွာက ဒေသခံအရပ်သား လူငယ် ၂ ယောက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။