
ရုရှားတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၃ ရက်က ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ကို ပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာမှာ ဆေးရုံတရုံနဲ့ ခရိုင် ၃ ခုရှိ လျှပ်စစ်သုံးစွဲသူ ၃၀,၀၀၀ ကို ဓာတ်အား ပြတ်တောက်စေခဲ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
ဗုံး ၃ လုံးဟာ ဆေးရုံတရုံနဲ့ ဓာတ်အားလိုင်းတွေကို ထိမှန်ပျက်စီးစေခဲ့ကြောင်း မြို့တော်ဝန် အီဟော်ရ် ထယ်ရယ်ခို့ဗ်က ပြောကြားပါတယ်။
လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး အများစုဟာ လွင့်ထွက်လာတဲ့ မှန်ကွဲစတွေ ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ကြောင်းနဲ့ တချို့လူနာတွေကို လူနာဆောင်အသီးသီးကို ပြောင်းရွှေ့ထားကြောင်းလည်း သူက ဆိုပါတယ်။
ဆေးရုံရဲ့ ပထမထပ်နဲ့ ဒုတိယထပ်မှာ လူနာ ၇၆ ယောက်၊ တတိယထပ်မှာ ၃၇ ယောက် ၃၈ ယောက် ရှိပြီး အသေအပျောက်တော့ သိပ်မရှိကြောင်းနဲ့ မှန်အပိုင်းအစတွေကြောင့် ဒဏ်ရာရတဲ့သူတွေ အားလုံးကို ဆေးရုံရဲ့ ပင်မအဆောက်အဦကို ရွှေ့ထားကြောင်း ခွဲစိတ်ကုသမှုဌာန ညွှန်ကြားရေးမှူး အိုလက်ဆီး ဒေါ့ထ်ဆန်ကိုက ပြောကြားခဲ့ပါတယ်။
ဆေးရုံမှာ နေရာထိုင်ခင်း လောက်ငတာကြောင့် တခြားဆေးရုံတွေဆီ ပို့စရာမလိုကြောင်းလည်း သူကဆိုပါတယ်။
၃ နှစ်ခွဲလောက် ကြာလာတဲ့ စစ်ပွဲဟာ ဆောင်းရာသီ နီးကပ်လာတဲ့နဲ့အမျှ ရုရှားတပ်ဖွဲ့တွေဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာ ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို အာရုံစိုက် တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကိယက်ဗ်နဲ့ တခြားစင်တာတွေကို အစုလိုက်အပြုံလိုက် တိုက်ခိုက်မှု လုပ်ခဲ့တာကြောင့် နိုင်ငံတဝန်းက အိမ်ခြေတွေနဲ့ စီးပွားရေးလုပ်ငန်း ၁ သန်းကျော် လျှပ်စစ်မီး ခေတ္တပြတ်တောက်သွားခဲ့ရပြီး ရေပေးဝေမှုတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
Source: Reuters




