
ရုရှားရေငုပ်သင်္ဘောတွေထဲက တစီးမှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ရေပေါ်ပြန်တက်ဖို့ တွန်းအားပေးခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်ကို ရုရှားအာဏာပိုင်တွေက ငြင်းခဲ့ပေမဲ့ ရေငုပ်သင်္ဘောရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အကြီးအကဲ မတ်ခ် ရူတေက ရုရှားကို အောက်တိုဘာ ၁၃ ရက်မှာ လှောင်ပြောင်ခဲ့ပါတယ်။
ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘော နိုဗိုရော့စ်စီးစ်ဟာ အင်္ဂလိပ်ရေလက်ကြားက ရေကြောင်းသွားလာရေး စည်းမျဉ်းတွေကို လိုက်နာဖို့ ပြင်သစ်ကနေ ထွက်သွားတာဖြစ်ပြီး ဆိုးဆိုးရွားရွား စက်ချွတ်ယွင်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ရုရှားရဲ့ ပင်လယ်နက် ရေတပ်သင်္ဘောစုက ပယ်ချခဲ့ပါတယ်။
နယ်သာလန် အာဏာပိုင်တွေက အဲဒီရေငုပ်သင်္ဘောကို မြောက်ပင်လယ်ထဲမှာ ဆွဲသင်္ဘောနဲ့ ဆွဲခဲ့ရတယ်လို့ သီတင်းပတ်ကုန်ရက်မှာ ပြောပါတယ်။
ရူတေက စလိုဗေးနီးယားနိုင်ငံမှာ ပြောတဲ့ မိန့်ခွန်းတခုထဲမှာ အဲဒီသင်္ဘော ပျက်သွားတယ်လို့ ပြောပါတယ်။
ရုရှားလုံခြုံရေး ကျိုးပေါက်မှုတွေကို အရိပ်အမြွက် ဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တခုဖြစ်တဲ့ VChK-OGPU ကတော့ နိုဗိုရော့စ်စီးစ်ဟာ အတွင်းခန်းထဲမှာ လောင်စာတွေ ယိုစိမ့်နေပြီး ပေါက်ကွဲမှုဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ စက်တင်ဘာ ၂၇ ရက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
NATO ရဲ့ ရေကြောင်းကွပ်ကဲမှု စစ်ဌာနချုပ်က ဗြိတိန်ရေတပ်က ဖရီးဂိတ်သင်္ဘောတစီးဟာ ဘရစ်တနီ ကမ်းလွန်ရေပြင်ပေါ်မှာ ရုရှားရေငုပ်သင်္ဘောတစီးကို စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကိုလည်း အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
နယ်သာလန်ရေတပ်က နိုဗိုရော့စ်စီးစ်နဲ့ မြောက်ပင်လယ်ထဲက တွဲဆွဲသင်္ဘော ယာကို့ဗ် ဂယေဘယ်စကီတို့ကို စောင့်ကြပ်ခဲ့တယ်လို့ နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။
ရေငုပ်သင်္ဘောက မြေထဲပင်လယ်မှာ လုပ်စရာတွေပြီးသွားလို့ ရေတပ်အချင်းချင်းကြား ခရီးတထောက်နားဖို့ စီစဉ်ထားတယ်လို့ ရုရှားပင်လယ်နက်ရေတပ်က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters




