
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်နိုင်သေးကြောင်း အင်္ဂလန်နည်းပြ သောမက်စ်တူဟယ်က ပြောသွားပါတယ်။
လတ်ဗီးယားကို အနိုင်ရခဲ့တဲ့ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုတွေကို ချီးကျူးရင်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်သေးကြောင်း တူဟယ်က ပြောသွားတာပါ။
ရက်ရှ်ဖို့ဒ်ဟာ ဘယ်ညာ ခြေနှစ်ဖက်စလုံးနဲ့ ဂိုးသွင်းနိုင်တဲ့အပြင် ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်လည်း ရှိပြီး လျင်မြန်မှုရှိတဲ့ ကစားသမားလည်း ဖြစ်တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ဖြစ်နိုင်သေးတယ်လို့ တူဟယ်က ပြောပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ အင်္ဂလန်နည်းပြအဖြစ် တာဝန်ယူပြီးနောက် ရက်ရှ်ဖို့ဒ်ကို လက်ရွေးစင်အသင်းဆီ ပြန်လည်ခေါ်ယူခဲ့သူ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်မှာ နည်းပြ အာမိုရင်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မနှစ်က ဗီလာမှာ အငှားထွက်ကစားခဲ့သလို အခုနှစ်ရာသီမှာလည်း ဘာစီလိုနာမှာ အငှားထွက်ကစားနေသူ ဖြစ်ပါတယ်။
Photo: Reuters


