
ဒီနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပိန်အင်အားကြီး ဘာစီလိုနာအသင်းက အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် နယူးကာဆယ်အသင်းဟာ ပွဲချိန် အစောပိုင်းမိနစ်တွေမှာ ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ ဘာစီလိုနာဂိုးသမား လက်စွမ်းပြသလို တိုက်စစ်မှူးတွေ အခွင့်အရေးကို အသုံးမချနိုင်တာကြောင့် ဂိုးမရခဲ့ပါဘူး။
ဘာစီလိုနာအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပေမဲ့ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲကစားချိန် ၅၈ မိနစ်မှာတော့ ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို မန်ချက်စတာယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်က ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။
အဲဒီနောက် ဒုတိယဂိုးကိုလည်း ပွဲကစားချိန် ၆၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်ကပဲ ပင်နယ်တီဧရိယာ အပြင်ဘက်ကနေ အပြင်းကန်သွင်းခဲ့တာပါ။
နယူးကာဆယ်အတွက် ချေပဂိုးကိုတော့ အန်တိုနီဂေါ်ဒန်က ပွဲကစားချိန် မိနစ် ၉၀ မှာ တန်ပြန်တိုက်စစ်ကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။




