Home
အားကစား
ပရီးမီးယားလိဂ် ပြောင်းရွှေ့ကြေး ပေါင် ၃ ဘီလီယံကျော်ဖြင့် စံချိန်သစ်တင်
DVB
·
September 3, 2025
Photo: Action Images via Reuters/Andrew Couldridge

ပရီးမီးယားလိဂ် နွေရာသီအပြောင်းအရွှေ့ ငွေကြေးအသုံးပြုမှု‌ပမာဏဟာ ပေါင် ၃ ဘီလီယံကျော်ရှိတာကြောင့် စံချိန်တင် ငွေကြေးသုံးစွဲမှု ဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေးစံချိန်က ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် ၂ ဒသမ ၃၆ ဘီလီယံနဲ့ စံချိန်တင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ပေါင် ၃ ဒသမ ၀၈၇ နဲ့ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၃၁ ရက်အထိ စုစုပေါင်းပြောင်းရွှေ့ကြေး ပေါင် ၂ ဒသမ ၇၃ ဘီလီယံရှိခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်ပိတ်တဲ့ စက်တင်ဘာ ၁ ရက်မှာ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္ဒားအီဆက်ကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ လီဗာပူးအသင်းက ခေါ်ယူခဲ့တာကြောင့် စုစုပေါင်း ပေါင် ၃ ဒသမ ၀၈၇ ဘီလီယံအထိ တိုးလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၁ ဒသမ ၉၆ ဘီလီယံ ရှိခဲ့ပြီး ဒီနှစ်မှာ ပြောင်းရွှေ့ကြေး ပိုများလာတာပါ။

ဒါ့အပြင် ဒီနှစ်အတွင်း ပရီးမီးယားလိဂ်က အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးဟာ ဘွန်ဒက်လီဂါ၊ လာလီဂါ၊ လီဂူးဝမ်းနဲ့ စီးရီးအေစတဲ့ ဥရောပထိပ်တန်းလိဂ်တွေရဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းထက်လည်း ပိုများနေတာ တွေ့ရပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်အသင်းတွေအနက် လီဗာပူးအသင်းက ငွေကြေးအများဆုံး သုံးစွဲထားပြီး ပေါင်သန်း ၄၀၀ ကျော်အထိ ရှိပါတယ်။

ချဲလ်ဆီးအသင်းက ပေါင် ၂၈၅ သန်း၊ အာဆင်နယ်အသင်းက ပေါင် ၂၅၅ သန်း၊ နယူးကာဆယ်အသင်းက ပေါင် သန်း ၂၅၀၊ မန်ချက်စတာယူနိုက်တက်အသင်းက ပေါင် ၂၁၆ သန်းနဲ့ မန်ချက်စတာစီးတီး အသင်းက ပေါင် ၁၅၂ သန်း အသုံးပြုထားပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေအနက် ပေါင်သန်း ရာနဲ့ချီအသုံးပြုထားတဲ့ အသင်း ၁၄ သင်းအထိရှိပြီး ပြောင်းရွှေ့ကြေး အနည်းဆုံးအသုံးပြုထားတဲ့ ဖူလ်ဟမ်အသင်းရဲ့ ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းရှိ ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013