
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်နဲ့ ကျုံပျော်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်က မိုးကြိုးပစ်ခံရပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဝါးခယ်မမြို့နယ်၊ ကြက်တညင်ရွာအနီးရှိ မြစ်အတွင်းမှာ ငါးဖမ်းနေတဲ့ အမျိုးသားဟာ မနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီဝန်းကျင်လောက်မှာ မိုးကြိုးပစ်ခံခဲ့ရပြီး ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာဘက်မှာလည်း နေ့လယ် ၁ နာရီလောက်က အမျိုးသားတယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ဝါးခယ်မဘက်က သေဆုံးသူက မြစ်ထဲမှာ ငါးဖမ်းနေတုန်း မိုးကြိုးပစ်ခံရတာ။ ရုတ်တရက် မိုးတွေရွာလာပြီး ပစ်သွားတာပါ။ ကျုံပျော်ဘက်မှာကတော့ လယ်ယာလုပ်ငန်းလုပ်နေတုန်း မိုးကြိုးပစ်ခံရတာ” လို့ ပြောပါတယ်။
ဝါးခယ်မမြို့နယ်က မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၄၀ ကျော်အရွယ် ဖြစ်ပြီး ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ခံရလို့ သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး ရုပ်အလောင်းကို ဒေသခံတွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သယ်ယူပြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းတယောက်က “မြန်မာနိုင်ငံမှာ မိုးကြိုကာလ မတ်လ၊ ဧပြီလနဲ့ မေလတွေမှာ မိုးကြိုးအန္တရာယ် သတိထားရမယ်။ အခုလို မိုးအကုန်ကာလဖြစ်တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာလည်း မိုးကြိုးအန္တရာယ်ကို သတိပြုဖို့ လိုပါတယ်။ သတိထားရမယ့် အချိန်တွေက ၁၂ နာရီလောက်ကနေ ညနေ ၆ နာရီလောက်ပါ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာမှာ ၂၀၂၂ ခုနှစ် မိုးကြိုကာလက အသက် ၂၈ နှစ်အရွယ် အမျိုးသားတယောက် လယ်ယာလုပ်ငန်း လုပ်နေတုန်း မိုးကြိုးပစ်ခံရလို့ သေဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာဌာန မှတ်တမ်းတွေအရ သိရပါတယ်။
ဧရာဝတီတိုင်းမှာ နှစ်စဉ် မိုးဦးကာလနဲ့ မိုးအကုန်ကာလတွေမှာ မိုးကြိုးအပစ်ခံရပြီး လူအယောက် ၆၀ ကနေ ၉၀ ကျော်အထိ သေဆုံးနေရသလို သေဆုံးသူတွေ အများစုဟာ ညနေဘက် လယ်ယာလုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း မိုးကြိုးဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။




