
မိုးနှောင်းရာသီ ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၂ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တို့မှာ မြောက်ဦး၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တို့မှာ မိုးကြိုးပစ်ခံရပြီး အမျိုးသား ၃ ယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မိုးကြိုးပစ်ခံရသူ အများစုမှာ တောင်သူတွေဖြစ်ကြပြီး လယ်ယာနဲ့ ရေလုပ်ငန်း လုပ်ကိုင်နေကြစဉ် အတွင်း မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာလို့ မြောက်ဦးဒေသခံ လူငယ်အမျိုးသားတယောက်က ပြောပါတယ်။
“ဒီရက်ပိုင်း ရခိုင်မှာက ဒေသခံတွေ မိုးကြိုးပစ်ခံရပြီး သေဆုံးတာတွေကို ခပ်စိတ်စိတ် တွေ့ရတယ်။ ကျနော်တို့ မြောက်ဦးမှာလည်း အမျိုးသားတဦး သေဆုံးခဲ့သလို မြောက်ဦးနဲ့ ပေါက်တောမြို့နယ်မှာလည်း အမျိုးသား ၂ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာရှိတယ်။ အထူးသဖြင့် လက်ရှိ ရခိုင်မှာ ရာသီဥတုက နေ့ဘက်ဆို နေအရမ်းပူပြီး ညဘက်ဆို မိုးကြိုးတွေ နေ့တိုင်းပစ်တာကြောင့် မိုးကြိုးပစ်နေချိန်မှာ အသွားအလာ အထူးသတိထားကြဖို့လိုတယ်။”
မြောက်ဦးမြို့နယ်၊ ပရိန်ကျေးရွာက ဦးအဘုဖော်ယာစ်ဟာ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ကျေးရွာတွင်း သွားလာနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သလို ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာက ကျေးရွာသားတယောက်ဖြစ်တဲ့ ဦးအောင်စိုးဟာလည်း စက်တင်ဘာ ၉ ရက် မနက်ပိုင်းက သူရဲ့ ပုစွန်ကန်အတွင်း ရှိနေစဉ်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါအပြင် စက်တင်ဘာ ၈ ရက်ကလည်း မြေပုံမြို့နယ်၊ ကြက်ရေကြီးကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကျောက်ဖြူမြို့နယ်က ဦးမောင်ချမ်းဟာ ဂဏန်းဖမ်းနေစဉ်မှာ မိုးကြိုးပစ်ခံရပြီး အသက်သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ်မိုးရာသီအတွင်း မိုးကြိုးပစ်ခတ်ရတာကြောင့် သေဆုံးသူ ၈ ယောက်အထိ ရှိလာနေပြီး အပူပြင်းပြီး ရုတ်တရက် မိုးကြိုးပစ်နေချိန်မှာ အပြင်ထွက်သွားလာတာ၊ လုပ်ငန်းခွင် သွားလာတာတွေကို ယာယီဆိုင်းငံ့ထားကြဖို့ ULA/AA ဒေသန္တရ အစိုးရအဖွဲ့တွေက အသိပေး ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။