
ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၁၁ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်နေ ဇော်ဇော်နိုင် (ခ) လဖြူချေ (၂၅ နှစ်) ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က အမျိုးသမီး ၁၁ ယောက်ကို အလိုမတူဘဲ အတင်းအဓမ္မ ပြုကျင့်ခဲ့ပြီး အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျောက်တော်မြို့နယ်က အမျိုးသမီး ၂ ယောက်နဲ့ မြောက်ဦးမြို့နယ်က အမျိုးသမီး ၂ ယောက်ကို အတင်းအဓမ္မပြုကျင့်မှုနဲ့ စက်တင်ဘာ ၁ ရက်မှာ မြောက်ဦးခရိုင်တရားရုံးက အမှု ၄ ခုအတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားပြီး နောက်ထက် ပြစ်မှု ၇ ခုအတွက် စုံးစမ်စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သူ့ရဲ့ စစ်ဆေးရေးမှတ်တမ်းတွေအရ သူက မြို့နယ် ၃ ခုက အမျိုးသမီး ၁၁ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားတာရှိတယ်။ အဲဒီအထဲမှာ ကျောက်တော်က အမျိုးသမီးနှစ်ဦး အမှုနဲ့ မြောက်ဦးက အမျိုးသမီးနှစ်ဦး အမှုသာ စစ်ဆေးရသေးပြီး ကျူးလွန်တာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားတယ်။ နောက်ထပ်အမှုတွေကို စစ်ဆေးပြီး ထိုက်သင့်တဲ့ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်သွားဖို့ရှိတယ်။”
မြောက်ဦးခရိုင်တရားရုံးက ကျောက်တော်မြို့နယ်၊ လိပ်မရွာက အမျိုးသမီးတယောက်အမှု၊ မြင်းကြပ်ကျေးရွာက အမျိုးသမီးတယောက်၊ မြောက်ဦးမြို့ လက်ကောက်ဈေးက အမျိုးသမီးငယ် တယောက်နဲ့ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးကျေးရွာက အမျိုးသမီးတယောက် စုစုပေါင်း ၄ ယောက်ကို အဓမ္မပြုကျင့်မှုအတွက် စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားတာကြောင့် တယောက်ကို ရာဇသတ်ကြီးပုဒ်မ- ၃၆၆ နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အတွက် အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ၁၀ နှစ်စီနဲ့ ၄ ယောက်အတွက် ထောင်ဒဏ် နှစ် ၄၀ ကို သီးခြားစီကျခံဖို့ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အခု အမျိုးသမီး ၁၁ ယောက်ကို အဓမ္မမှုကျူးလွန်တဲ့ ဇော်ဇော်နိုင်ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က နွမ်းပါးတဲ့ အမျိုးသမီးတွေကို အလုပ်ရှာပေးမယ်လို့ လိမ်လည်ခေါ်ယူခဲ့ပြီး အဓမ္မပြုကျင့်မှုတွေကို အကြိမ်ကြိမ် ကျူလွန်းခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သက်ငယ်အမျိုးသမီးတွေ အပါအဝင် အမျိုးသမီး ၁၁ ယောက်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ အလွန်တရာ တုန်လှုပ်ဖွယ်ဖြစ်ပြီး လူထုရှေ့မှာ သေဒဏ်ပြစ်ဒဏ် ချမှတ်သင့်တယ်လို့ ရခိုင်က တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်က မှတ်ချက်ပြုပါတယ်။
“အမျိုးသမီး ၁၁ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဆိုတာ ကျမတို့ အမျိုးသမီးထုကို လုံးဝ တုန်လှုပ်စေတာတော့ အမှန်ပဲ။ ဒီလိုလူမျိုးကို ထောင်ဒဏ်ချမှတ်လိုက်တာထက် လူမြင်ကွင်းမှာ သေဒဏ်ချမှတ်သင့်တယ်။ အထူးသဖြင့် နောက်ထပ် အမျိုးသမီးတွေအပေါ် ဒီလိုဖြစ်စဉ်တွေ မကျူးလွန်ရဲကြအောင် ပုံစံပြသင့်နေပြီ။”
ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှု ၂ ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတချို့ကို ဖမ်းဆီးထားပေမဲ့ ပြစ်မှုပြစ်ဒဏ် ချမှတ်ထားခြင်းတော့ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်း အဓမ္မကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ကိုလည်း အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။