
ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အခြေစိုက် ခလရ ၃၆ တပ်ကနေ စစ်ကောင်စီတပ်သား ၃ ယောက် ထွက်ပြေးသွားတယ်လို့ ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ နီးစပ်နေတဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသ လေးမျက်နှာမြို့နယ်ကို စစ်အင်အား သွားရောက်ဖြည့်တင်းဖို့ ပြင်ဆင်နေချိန် အောက်တိုဘာ ၅ ရက် ည ၉ နာရီကျော်က တပ်သား ၃ ယောက် ထွက်ပြေးသွားတာလို့ သိရပါတယ်။
ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူက “ည ၉ နာရီကျော်ကျော်လောက်က ထွက်ပြေးသွားတာလို့ သိရတယ်။ အပေါ့သွားမယ်ပြောပြီး လစ်သွားတာ။ လက်နက်တွေ မပါသွားဘူးလို့ သိရတယ်။ တပ်ဘက်က သတင်းဖုံးထားတယ်” လို့ ပြောပါတယ်။
ကျုံပျော် ခလရ ၃၆ တပ်ထဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လေးမျက်နှာမြို့နယ်ထဲကို စစ်ကူသွားဖို့ ပြင်ဆင်နေချိန် ထွက်ပြေးသွားတာဖြစ်ပြီး စစ်ကောင်စီတပ်က အသည်းအသန် လိုက်လံရှာဖွေနေပေမဲ့ အောက်တိုဘာ ၆ ရက် ညနေပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိဘူးလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေပါတဲ့ အဖွဲ့တွေက ထွက်ပြေးစစ်သား ရှိလို့ဆိုပြီး ရွာတွေဘက်အထိ လိုက်ရှာနေတာ။ ဆိုင်ကယ်နဲ့ လိုက်ရှာနေတာ တွေ့ရတယ်။ တွေ့မိလားလို့လည်း မေးတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်မှုထမ်းတပ်သားသစ် လူငယ်တွေဖြစ်နိုင်ပြီး စစ်သားပုံစံနဲ့ မျက်နှာစိမ်းလူတွေ တွေ့ရှိပါက အကြောင်းကြားပေးဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက ကျုံပျော် ခလရ ၃၆ တပ်နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို လိုက်လံဖိအားပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ ကျုံပျော်တပ်နဲ့ ပတ်ဝန်းကျင်ရွာတွေမှာ အပူတပြင်း လိုက်လံရှာဖွေတာတွေ လုပ်နေတဲ့အပြင် စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။