Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်၌ အရပ်သား ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထား
DVB
·
October 6, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာတဘက်ကမ်းကို စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် စစ်ဘေးရှောင် အပါအဝင် အရပ်သား ၃၅ ယောက်ကို ဖမ်းဆီးထားကာ အခုအချိန်အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေဖြစ်တဲ့ ကမ်းတိုရွာရဲ့ တဘက်ကမ်းကို စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ကျော်လောက်က အောက်တိုဘာ ၃ ရက်၊ မနက်ပိုင်းမှာ လှေတွေနဲ့ကူးပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုးလာပြီးနောက် ၁၀ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆုတ်ခွာချိန် စစ်ရှောင် ၃၂ ယောက်၊ အရပ်သားတယောက်နဲ့ လှေသမား ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကမ်းတိုရွာရဲ့ တဘက်ကမ်းမှာ ကမ်းတို၊ ဆီအုန်း၊ ညောင်ပင်ကုန်း၊ ရမ်းဖို၊ ဘန်းလမွတ် စတဲ့ ဒေသခံ ၁၈၀ ကျော် စစ်ဘေးရှောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “စစ်တပ်က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ရှောင်တွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ပြန်ဆုတ်သွားတယ်။ ပထမဆုံး ဖမ်းဆီးခံရတဲ့ အရပ်သား တယောက်ကတော့ အခုချိန်အထိ သတင်းအစအန မရသေးဘူး။ ကမ်းကူးပေးနေတဲ့ လှေသမား ၂ ဦးလည်း အခုအထိ ပြန်မလွတ်လာသေးဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ စစ်ရှောင်တွေကို တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာ အခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး စစ်ဘေးရှောင်တွေထဲမှာ ကျောင်းသား/သူ ၇ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရမ်းဖိုရွာကနေ စစ်တပ်က လက်နက်ကြီးပစ်ကူ အပါအဝင် မော်တုန်းအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းကနေ ဒရုန်းပစ်ကူတွေနဲ့ ကမ်းတိုရွာ တဘက်ကမ်းထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013