
မက္ကဆီကိုနိုင်ငံမှာ အပူပိုင်းမုန်တိုင်းငယ်ကြောင့် ပင်လယ်ကွေ့ကမ်းရိုးတန်းနဲ့ အလယ်ပိုင်း ပြည်နယ်တွေမှာ မြေပြိုတာနဲ့ ရေကြီးတာတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ နိုင်ငံအရှေ့ပိုင်း ပွယ်ဘလာပြည်နယ် ဟွောင်ချီနန်ဂို မြူနီစီပယ်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံး/ပျောက်ဆုံးနေပြီးတော့ အိမ်ခြေ ၁၀၀,၀၀၀ လောက် ထိခိုက်ပျက်စီးသွားကြောင်း သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က သတင်းထောက်တွေကို ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကို ဒီလောက်ပမာဏထိ ပြင်းထန်မယ်လို့ မမျှော်လင့်ထားမိကြောင်းနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးသွားမှာဖြစ်ကာ အပြင်းအထန် ဒုက္ခရောက်နေတဲ့ ပြည်နယ်တွေဆီကိုလည်း သွားရောက်မယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှုကြောင့် တံတားတွေ အပါအဝင် အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး ကားလမ်းတွေမှာလည်း ရွှံ့နွံတွေ ပြည့်နှက် ကျန်ခဲ့ပါတယ်။
အာဏာပိုင်တွေဟာ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့၊ အပျက်အစီးတွေကို ရှင်းလင်းကာ ထိခိုက်မှုအများဆုံး ဇုန်တွေကို ဘေးကင်း လုံခြုံစေဖို့အတွက် ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို ဖြန့်ကြက် ချထားပါတယ်။
မိုးကြီးမြေပြိုမှုတွေ စတင်ဖြစ်ခဲ့ချိန်မှာ စည်ပင်သာယာနယ်မြေတချို့မှာ လျှပ်စစ်မီး ပြတ်တောက်ကာ မြစ်ချောင်းကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ပြည်နယ် ၅ ခုမှာ ဓာတ်အားပြတ်တောက်မှု ပြေလည်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကျန်းမာရေး အာဏာပိုင်တွေဟာ ရေဝပ်တဲ့နေရာတွေမှာ ဖြစ်ပွားတတ်ပြီး ခြင်ကနေ ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့မှုကို တားဆီးဖို့လည်း စီမံချက်တွေ ချမှတ်ထားပါတယ်။
ပွေဘလိုပြည်နယ်၊ ဟွောင်ချီနန်ဂို မြူနီစီပယ်ဒေသက ဒေသခံတွေဟာ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်ထဲက အမှိုက်သရိုက်တွေနဲ့ အပျက်အစီးတွေကို အောက်တိုဘာ ၁၂ ရက်မှာ ဖယ်ရှား ရှင်းလင်းခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြိုကျတဲ့နေရာတွေကို ပိတ်ဆို့တားဆီးကာ အသက်ရှင်ကျန်သူတွေကို လေ့ကျင့်ရေးခွေးတပ်ဖွဲ့တွေနဲ့ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေကြားမှာ ရှာဖွေနေပါတယ်။
မိုးလေဝသခန့်မှန်းသူတွေဟာ အပူပိုင်းမုန်တိုင်းတွေနဲ့ ပစိဖိတ် ဟာရီကိန်း ၂ ခုကို အာရုံစိုက်နေချိန်မှာပဲ အမည်မရှိ မုန်တိုင်းစနစ်တခု မိုးရာသီအပြီးသတ်ချိန်မှာ ဝင်ရောက်ခဲ့ကာ လူအသေအပျောက်များတဲ့ ရေကြီးရေလျှံမှု ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
Source: Reuters




