
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟီမားချဲလ်ပရာဒေ့ရှ်ပြည်နယ်မှာ မြေပြိုကျမှုတခုကြောင့် ဘတ်စ်ကားတစီးကို ထိခိုက်သွားပြီး လူ ၁၅ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ပိုင်းပြည်နယ်ရဲ့ ဒုဝန်ကြီးချုပ် မူကူးလ်အဂ်နီဟိုထရီက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
ဒုဝန်ကြီးချုပ် မူကူးလ် အဂ်နီဟိုထရီက “ဘီလားစပူးရ်ခရိုင်က မတော်တဆမှုမှာ ကိုယ်ပိုင်ဘတ်စ်ကားတစီးလည်း ပါဝင်ထိခိုက်ခဲ့ပြီးတော့ လူ ၁၅ ဦး အသက်ဆုံးရှုံးခဲ့ရတယ်။ ဆေးရုံကို ပို့ပေးလိုက်ရသူ ၃ ဦး အပါအဝင် လူ ၁၈ ဦးကိုတော့ ပြန်ရထားတယ်။ ဘတ်စ်ကားပေါ်မှာ ခရီးသည် ဘယ်လောက်ပါတယ် ဆိုတာတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
အပျက်အစီးတွေအောက်မှာ လူအများအပြား ပိတ်မိနေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပြီး အသက်ရှင်ကျန်သူတွေကို ရှာဖွေနေတဲ့ ဧရိယာကိုလည်း မြေတူးစက်တွေနဲ့ တူးဖော်နေပါတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဆုခ်ဗင်းဒါး ဆင်းန် ဆူခူး ကလည်း X မှာ ပို့စ်တင်ထားပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်လောက်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားရတာက အဓိကအကြောင်းအရင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဘီလားစပူရ် ရဲအုပ်ကြီး ဆန်ဒိ(ပ်) ဒါဝယ်လ်က ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီဟာ ဝန်ကြီးချုပ်ရဲ့ အမျိုးသားကယ်ဆယ်ရေး ရန်ပုံငွေထဲကနေ သေဆုံးသူ တယောက်စီအတွက် ရူပီး ၂ သိန်းနဲ့ ဒဏ်ရာရသူတွေကို ရူပီး ၅ သောင်း ပေးအပ်မယ်လို့ ကြေညာထားပါတယ်။
Source: Reuters




