Home
နိုင်ငံတကာ
တမီလ်မင်းသား ဗီဂျေး၏ မဲဆွယ်စည်းရုံးပွဲ၌ လူအုပ်လဲပြိုနင်းမိပြီး ၃၆ ဦး ထက်မနည်းသေဆုံး
DVB
·
September 28, 2025
Photo: Reuters

အိန္ဒိယမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ တမီလ်မင်းသား ဗီဂျေးရဲ့ ချီတက်ပွဲအတွင်း စက်တင်ဘာ ၂၇ ရက် က လူအုပ်လဲပြိုနင်းမိတဲ့အတွက် လူ ၃၆ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တမီလ်နာဒူး ပြည်နယ်၀န်ကြီးချုပ်က ပြောပါတယ်။

တမီလ်နာဒူးပြည်နယ် ကားရူးခရိုင်မှာ ဗီဂျေးရဲ့ ပါတီဖြစ်တဲ့ တမီလာဂါ ဗက်ထရီ ကာဇာဂံပါတီရဲ့ နိုင်ငံရေး ချီတက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ၃၆ ယောက်ထဲမှာ ကလေး ၈  ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် ပါဝင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အမ်ကေစတာလင်က ပြောပါတယ်။

လူ ၅၈ ယောက်ကို ဆေးရုံတင်ထားတယ်လို့ ပြည်နယ်လွှတ်တော်အမတ် စန်သီး ဘာလာဂျီက သတင်းထောက်တွေကို အစောပိုင်းက ပြောပါတယ်။

တမီလ်ရုပ်ရှင်လောကမှာ သူပါတဲ့ရုပ်ရှင်က မြတ်စွန်းမှာသေချာတဲ့ ငွေကြယ်ပွင့်အဖြစ် ဆယ်စုနှစ်သုံးစုကြာ ရပ်တည်ခဲ့တဲ့ သရုပ်ဆောင် ဗီဂျေးဟာ သူ့ရဲ့နိုင်ငံရေးပါတီကို ၂၀၂၄ ခုနှစ်မှာ စတင်တည်ထောင်ချိန်ကစပြီး သူ့ရဲ့လူထုတွေ့ဆုံပွဲတွေကို လူတွေအစုလိုက်အပြုံလိုက် လာရောက်အားပေးခဲ့တာပါ။

ပြည်နယ်အာဏာရပါတီ DMK နဲ့ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ ဘီဂျေပီပါတီတို့ကို ပစ်မှတ်ထားခဲ့ပါတယ်။

ဗီဂျေးဟာ ၂၀၂၆ ခုနှစ် အစောပိုင်းမှာကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲတွေမတိုင်မီ မဲဆွယ်စည်းရုံးနေပါတယ်။

ဒေသတွင်း မီဒီယာတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ ဗီဂျေး မတ်တပ်ရပ်ပြီး စကားပြောနေတဲ့  မဲဆွယ်စည်းရုံးရေးယာဉ်ကြီးကို ထောင်နဲ့ချီတဲ့ လူတွေက ဝန်းရံထားတာကို တွေ့ရပါတယ်။

ချီတက်ပွဲအတွင်း မူးလဲနေတဲ့ ထောက်ခံသူတွေဆီ ဗီဂျေးက ယာဉ်ထိပ်ကနေ ရေသန့်ဘူးတွေကို ပစ်ပေးနေပြီး လူအုပ်က ထိန်းမနိုင်သိမ်းမရ ဖြစ်လာချိန်မှာ ရဲတွေကို အကူအညီတောင်းနေတာကို တွေ့မြင်ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013