
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်တောရွာကနေ စစ်ရှောင်နေကြတဲ့ ပြည်သူတွေရှိရာနေရာမှာ မြေပြိုပြီး စစ်ရှောင်ပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်က တောင်ပြိုခဲ့ပြီး အသက် ၇ နှစ်၊ ၁၀ နှစ်၊ ၂၂ နှစ်၊ ၄၅ နှစ်၊ ၆၀ နှစ်အရွယ် အမျိုးသားတွေနဲ့ အသက် ၁ နှစ်၊ ၂၄ နှစ်၊ ၃၆ နှစ်၊ ၄၇ နှစ်၊ ၆၅ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ပြီး ခုလက်ရှိမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကိုပဲ ရှာဖွေတွေ့ရှိတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က "မိုးက တော်တော်သည်းတယ်။ တောင်တွေကလည်း ရေတွေတအားစီးလို့။ စစ်ရှောင်တွေရဲ့ ရွာကို စစ်တပ်ဝင်လာပြီး လက်နက်ကြီးထု၊ လေယာဥ်နဲ့လာကြဲတာရော၊ အဲ့ကြောင့်မို့ သူတို့စစ်ရှောင်လိုက်ရတာ၊ ခုက မိုးတအားကြီးပြီး မြေပြိုလို့ ၁၀ ယောက်သေတယ်"လို့ ပြောပါတယ်။
ကျောက်တော်ကျေးရွာနဲ့ ညောင်ပင်သာကျေးရွာရှိ ဒေသခံတွေဆီကို စစ်တပ်က သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာ လက်နက်ကြီးပစ်တာ၊ လေကြောင်းက ဗုံးကြဲတာတွေလုပ်ရင်း စစ်ကြောင်းထိုးလာတဲ့အတွက် ဘေးလွတ်ရာနေရာကို စစ်ဘေးရှောင်နေရတာပါ။
ဓနုအမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ပြန်ကြားရေးတာဝန်ရှိသူ "အရင်က မဖြစ်ဖူးဘူး။ သူတို့ရှောင်နေရင်း တောင်ပြိုကျလာတာပါ။ လက်ရှိကတော့ စစ်လည်းရှောင်ရ တောင်ပြိုမှုတွေလည်းရှောင်ရ စားနပ်ရိက္ခာလည်း ရှာရပေါ့"လို့ ပြောပါတယ်။
ခုလက်ရှိမှာ စစ်ရှောင်ပြည်သူရာချီက စစ်ကောင်စီတပ်နဲ့ ဝေးရာနေရာနဲ့ တောင်ပြိုကျတဲ့နေရာနဲ့ဝေးရာကို ရွေ့ပြောင်းနေကြရပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရ ပါတယ်။