
အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မက်ဒရာပရာဒက်ရှ်ပြည်နယ်၊ ခန်ဒဝါမြို့မှာ အောက်တိုဘာ ၂ ရက်က လူအများအပြား လိုက်ပါလာတဲ့ နောက်တွဲပါ ထွန်စက်ယာဉ်တစီး တိမ်းမှောက်ကာ ရေကန်ထဲ ထိုးကျသွားခဲ့ပြီးနောက် လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးတွေလည်း ပါဝင်ပြီး သူတို့ဟာ ဘာသာရေးပွဲတော်တခုကို သွားနေတဲ့လမ်းမှာပဲ မတော်တဆမှုကို ကြုံလိုက်ရတာပါ။
လူ ၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ထဲမှာ ဒဏ်ရာအပြင်းအထန် ရရှိထားသူ တယောက်လည်း ပါဝင်တယ်လို့ ခန်ဒဝါ အုပ်ချုပ်ရေးမှူး ရီရှက်ဗ် ဂုပ်တားက ပြောပါတယ်။
“ဆယ်ယူရရှိထားတဲ့ အလောင်း ၁၁ လောင်းကို ရင်ခွဲ စစ်ဆေးဖို့ ပန်ဒနာကို ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်တဲ့ တယောက်လည်း ဆေးကုသမှု ခံယူနေပါတယ်။”
အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာ မိုဒီကလည်း အသက်ဆုံးရှုံးမှုတွေအတွက် အလွန်ဝမ်းနည်းမိကြောင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ ရေးသားခဲ့ပြီး အခုလို ခက်ခဲတဲ့ကာလမှာ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အမြန်ပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးနေကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိခိုက်ခံစားခဲ့ရသူတွေအတွက် စာနာကရုဏာကြေးအဖြစ် ကွယ်လွန်သူ မိသားစုတွေ အတွက် ရူပီး ၂ သိန်းစီနဲ့ ဒဏ်ရာရသူတွေအတွက် ရူပီး ၅ သောင်းစီ ပေးမယ်လို့လည်း ကြေညာခဲ့ပါတယ်။
Source: Reuters




