
အာဖရိကအသင်းတသင်းဖြစ်တဲ့ ကိတ်ဗာဒီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ ဒုတိယအငယ်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၇၀ မှာရှိတဲ့ ကိတ်ဗာဒီအသင်းဟာ အောက်တိုဘာ ၁၃ ရက်က အိမ်ကွင်းမှာ ကစားခဲ့တဲ့ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်မှာ အက်စ်ဆွာတီနီကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အုပ်စုတွင်း ပထမနေရာကနေ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ အိုက်စလန်အသင်းက ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ ဒုတိယအငယ်ဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။
အာဖရိကတိုက်အနောက်မြောက်ဘက်က မြောက်အတ္တလန်တစ် သမုဒ္ဒရာအတွင်းမှာ တည်ရှိတဲ့ ကျွန်းနိုင်ငံ ကိတ်ဗာဒီမှာ လူဦးရေ ၅၂၀,၀၀၀ ကျော်သာရှိပြီး အင်္ဂလန်က ရှက်ဖီးမြို့လောက်သာ ရှိတဲ့နိုင်ငံဖြစ်ကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြကြပါတယ်။
ကိတ်ဗာဒီ ပါဝင်တဲ့ အုပ်စု D မှာ ဒုတိယနေရာသာရခဲ့တဲ့ ကင်မရွန်းအသင်းက တိုက်ရိုက် ခြေစစ်ပွဲအောင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ခြေစစ်ပွဲအောင်ဖို့ တခြားအုပ်စုပွဲစဉ်တွေက ရလဒ်တွေကို ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။




