အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စက်တင်ဘာလမှာ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
မက်ဆီဟာ ချီလီ၊ ကိုလံဘီယာတို့နဲ့ ကစားမယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲကို လွဲချော်မှာဖြစ်ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းရဲ့ ၂၈ ဦးလူစာရင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။
လက်ရှိအချိန်မှာ မက်ဆီဟာ အင်တာမီယာမီအသင်းမှာ ဒဏ်ရာပြန်သက်သာဖို့ ကြိုးစားနေပါတယ်။
အာဂျင်တီးနားအသင်းမှာ ရေးဗားပလိတ်ဂိုးသမား အာမာနီလည်း ပါဝင်မှာ မဟုတ်သလို ဒီမာရီယာလည်း ကိုပါပွဲပြီးကတည်းက လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာထားပါတယ်။
အာဂျင်တီးနားအသင်းဟာ ချီလီအသင်းနဲ့ စက်တင်ဘာ ၅ ရက် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ၁၀ ရက်နေ့မှာ ကိုလံဘီယာအသင်းနဲ့ ခြေစစ်ပွဲကစားရမှာ ဖြစ်ပါတယ်။