အာဂျင်တီးနားဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ မန်ဒိုဇာမြို့ရှိ ဂျူးအသိုက်အဝန်းကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အကြမ်းဖက်အဖွဲ့ငယ်တခုကို ဖြိုခွင်းခဲ့ကြောင်း အမျိုးသားလုံခြုံရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအဖွဲ့မှ အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးထားကြောင်းနဲ့ အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေမှာ စီးနင်းမှု ၈ မှု ဖြစ်ပွားခဲ့ရာ လက်နက်တွေ၊ ဓားတွေနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ဇန်နဝါရီလက အာဂျင်တီးနားမှာ အာဏာပိုင်တွေက အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုလို့ သံသယရှိထားတဲ့ ဆီးရီးယားနဲ့ လက်ဘနွန်နိုင်ငံသားတွေနဲ့အတူ လူ ၃ ယောက်ကို ဖမ်းဆီးမိခဲ့အပြီးမှာ ပေါ်ပေါက်လာတာပါ။
ဂျူးအသိုင်းအဝိုင်းမှ သတင်းထောက် တဦးကို ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ အဲဒီအဖွဲ့ကို အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့အစည်းဆိုတာ တွေ့ရှိဖော်ထုတ်နိုင်ခဲ့တယ်လို့ အာဂျင်တီးနားလုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာ ဘူးလ်ရစ်ခ်ျက လူမှုမီဒီယာ ပလက်ဖောင်း X အကောင့်မှာ ပို့စ်တင်ထားပါတယ်။
အဲဒီအဖွဲ့အစည်းဟာ အမုန်းစကားများ ဖြန့်ဝေဖို့၊ အစ္စလာမ္မစ်နိုင်ငံတော်နဲ့ တာလီဘန်လှုပ်ရှားမှုလို အကြမ်းဖက်အဖွဲ့တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဖြန့်ဝေဖို့ လူမှုမီဒီယာကို အသုံးပြု ခဲ့တယ် လို့လည်း ဆိုပါတယ်။
ဂျူးအသိုက်အဝန်းနဲ့ အစ္စရေး ၂ ခုလုံးကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးသူ လစ်ဘရယ်သမ္မတ ဟာဗီယာ မီလေ့ အနာဂတ်တိုက်ခိုက်မှုတွေကို တားဆီးဖို့ အမျိုးသားထောက်လှမ်းရေးစနစ်ကို မြှင့်တင်သွားမယ် လို့ ပြီးခဲ့တဲ့လက ကတိပြုခဲ့ပါတယ်။
အာဂျင်တီးနားဟာ လက်တင်အမေရိကမှာ ဂျူးလူဦးရေအများဆုံးဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်က ဂျူးအသိုက်အဝန်းတစ်ခု တိုက်ခိုက်ခံရမှုမှာ လူပေါင်း ၈၅ ဦး သေဆုံးခဲ့ပြီး တောင်အမေရိကနိုင်ငံ သမိုင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်အဖြစ် ကျန်ရှိခဲ့ပါတယ်။
၁၉၉၂ ခုနှစ်က အစ္စရေးသံရုံးကို တိုက်ခိုက်ခံရမှု ကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။
Source-Reuters