
စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့ အကျဉ်းသူတွေကို အကြမ်းဖက်ပုဒ်မတွေ တပ်ပြီး ပြန်လည်ဖမ်းဆီးခံရမှု ပိုမိုဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဒေသအသီးသီးက အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့နဲ့ နိုင်ငံရေးအကျဉ်းသူတွေ ပြန်လည်လွတ်မြောက်လာပေမဲ့ ထောင်ဝမှာတင် ပြန်လည်ဖမ်းဆီးတာ၊ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသူတွေနဲ့ မသက်ဆိုင်တဲ့ အမှုတွေနဲ့ ထပ်မံစွဲဆိုပြီး လွတ်မြောက်မယ့်အပေါ် ရည်ရွယ်ချက်ရှိရှိ ဥပဒေကို အသုံးချပြီး ပြန်လည်ဖမ်းဆီးမှုဟာ ဒီနှစ်ထဲမှာ ပိုမိုဆိုးရွားလာတာပါ။
စစ်ကောင်စီတပ်ရဲ့ တရားမဲ့ဖမ်းဆီးတာ၊ မဟုတ်မမှန်ပုဒ်မတပ်ပြီး ထပ်မံဖမ်းဆီး ချုပ်နှောင်တာတွေကို ကျူးလွန်နေတာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း Article-9 အရ “တရားမဲ့ဖမ်းဆီးခြင်း မပြုရ” ဆိုတဲ့ အချက်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာလို့ ဆိုပါတယ်။
ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်းတရားမဲ့ ဖမ်းဆီးမှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေ အလုံးစုံလွတ်မြောက်ရေးအတွက် အကျဉ်းထောင်တွေကို စောင့်ကြည့်လေ့လာပြီး စုံစမ်းဖော်ထုတ်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေအပြင် လွတ်ရက်စေ့လို့ အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကျော်ကျော်မိုး(ခ)ကိုဇော်ဝင်းမောင်ကိုလည်း ရဲတွေက အောက်တိုဘာ ၁၀ ရက်နေ့က ထောင်ဘူးဝမှာပဲ ပြန်ဖမ်းပြီး နောက်ထပ်အမှုတိုး ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။




