Home
မြန်မာသတင်း
ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသူများ အရေပြားနှင့် ဝမ်းရောဂါခံစားနေရ  
DVB
·
September 14, 2025

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ရှိ မိန်းကလေးအဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေနဲ့ တခြား ရာဇဝတ်ပြစ်မှုရှိသူတွေကို စုပြုံထားတာကြောင့် အကျဉ်းသူတွေ အရေပြားရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်နေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မန္တလေးအိုးဘိုထောင်ကနေ ပြီးခဲ့တဲ့ မေလကပြောင်းလာတဲ့ ထောင်ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်နဲ့ ဒိုက်ဦးထောင်က အဆောင်မှူး ဒေါ်စန်းနွယ်ဦးတို့ ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသူတွေကို တခြားပြစ်မှုအကျဉ်းသားတွေနဲ့ အခန်းတခုထဲမှာ အယောက် ၅၀ နီးပါးထားတာကြောင့် အဲဒီလိုရောဂါတွေ ဖြစ်လာတာလို့ ဆိုပါတယ်။

ထောင်နဲ့နီးစပ်သူတယောက်က “အမျိုးသမီးတွေကိုထားတဲ့ အဆောင် ၆ က မေခ အဆောင်မှာဆိုရင် အဆောင်ထဲမှာ အိမ်သာ ၅ ခန်းပဲ ပါတယ်။ အခန်းအတွင်းမှာ လူအယောက် ၄၀ ကျော် ၅၀ နီးပါးထားလို့ အရေပြားရောဂါနဲ့ တခြားဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ခံစားနေရတယ်။ အခန်းအတွင်းမှာပါတဲ့ အိမ်သာ ၅ ခန်းမှာ ၃ ခန်းပဲ ကောင်းကောင်းအသုံးပြုလို့ ရတယ်။ အရင်တုန်းက နိုင်ကျဉ်းသူတွေကို သီးသန့်ထားတယ်။ ထောင်ဦးစီး ပြောင်းလာမှ ရောထားတာ”လို့ ပြောပါတယ်။

အကျဉ်းသူတွေကို အဝတ်အစား ၃ စုံသာ ထားခိုင်းပြီးတော့ အဝတ်အစား အစုတ်အပြဲတွေကိုပဲ ဝတ်နေကြရတာကြောင့် အရေပြားရောဂါတွေ ခံစားနေကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွတ်ရက်စေ့အကျဉ်းသူတွေကိုလည်း ထောင်တွင်းပြစ်ဒဏ်ဆိုပြီးတော့ ၃ လ ကနေ ၆ လ ထပ်တိုးပြစ်ဒဏ်ချထားကာ ပြစ်ဒဏ်မတိုးချင်ရင် ထောင်ဦးစီးနဲ့ အဆောင်မှူးကို လာဘ်ထိုးခိုင်းတယ်လို့လည်း ဆိုပါတယ်။

ထောင်နဲ့နီးစပ်သူတယောက်က “ထောင်တွင်းပြစ်ဒဏ်ဆိုတာ ရှိတယ်။ ဥပမာ ဝါဒါတွေ ဆဲမိတာမျိုး၊ အချင်းချင်း ရန်ဖြစ်တာမျိုးပေါ့။ အချင်းချင်း ရန်ဖြစ်အောင်ကျတော့ သူတို့လက်သပ်မွေးထားတဲ့ အကျဉ်းသူတွေ ရှိတယ်။ သူတို့အောက်ဆွဲတွေပေါ့။ နိုင်ငံရေးမှုတွေလည်း ပါသလို တခြားမှုတွေ လည်းပါတယ်။ အဲဒီလိုလူတွေကျတော့ အိမ်နဲ့လည်း အဆက်အသွယ်ရကြတယ်။ အခွင့်ထူးခံတွေပေါ့” လို့ ပြောပါတယ်။

ဒိုက်ဦးထောင်ကို စက်တင်ဘာ ၁၂ ရက်က စစ်ကောင်စီရဲ့ လူ့အခွင့်အရေးကော်မရှင်က လာရောက်ကြည့်ရှုပြီး နေရေးထိုင်ရေးနဲ့ စားရသောက်ရေး အဆင်ပြေလားလို့သာ မေးမြန်းသွားတယ်လို့ သိရပါတယ်။

ထောင်နဲ့နီးစပ်သူတယောက်က “အဲဒီအဖွဲ့နောက်လိုက်ထဲမှာလည်း အကျဉ်းဦးစီးက သတင်းပေးတွေ ပါတယ်။ အကျဉ်းသူ အကျဉ်းသားတွေကို ဘာမှပြောခွင့်မပေးဘူး။ အဓိက နိုင်ကျဉ်းအချင်းချင်း ရန်တိုက်ပြီး နိုင်ကျဉ်းတွေကပဲ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ပေါင်းပြီး ဗိုလ်ကျနေတာမျိုးကြီးက အတော်ဆိုးတာ”လို့ ပြောပါတယ်။

အမျိုးသမီးတွေကိုထားတဲ့ အဆောင် ၆ မှာ ပေ ၂၀၊ ပေ ၄၀ လောက်ကျယ်တဲ့ အခန်း ၈ ခန်းရှိပြီး အပေါ်ထပ် ၄ ခန်း၊ အောက်ထပ် ၄ ခန်းနဲ့ တခန်းမှာ အိမ်သာ ၅ လုံးစီပါပေမဲ့ ၃ လုံးသာ သုံးလို့ရနေတာလို့ ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းသူတယောက်က “ကျမတို့ နေခဲ့တုန်းက အခန်း ၁ ခန်းမှာ အလွန်ဆုံး ၃၅ ယောက်လောက်ပဲထားတာ။ အခုက ၄၀ ကျော် ၅၀ ဆိုတာက အရမ်းများတယ်။ ကျမတို့နေခဲ့တုန်းက နိုင်ကျဉ်းဆို နိုင်ကျဉ်းသီးသန့်ပဲ ထားတာ။ တခြားအမှုတွေဆိုလို့ ညဘက် ဘာယာ(ကင်း)စောင့်တဲ့ သူတွေပဲရှိတာ”လို့ ပြောပါတယ်၊။

ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းသား  အယောက် ၄၀၀ ဝန်းကျင်ရှိနေပြီး ထက်ဝက် နီးပါးဟာ နိုင်ငံရေးအကျဉ်းသူတွေ ဖြစ်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024