
အမေရိကန်နိုင်ငံ၊ တောင်ကယ်ရိုလိုင်းနားကျွန်းမြို့က စားသောက်ဆိုင် တဆိုင်မှာ အောက်တိုဘာ ၁၂ ရက်က ပစ်ခတ်မှုဖြစ်ပြီး လူ ၄ ယောက် သေဆုံးကာ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဗျူးဖို့ထ်မြို့နယ် ရဲအရာရှိရုံးက ပြောပါတယ်။
မနက် ၁ နာရီမထိုးမီ စိန့်ဟယ်လီနာကျွန်းက ဝီလီစ်ဘားနဲ့ အသားကင်ဆိုင်ကို လာဖို့ ရဲကို ဖုန်းခေါ်ခဲ့ပြီး သေနတ်ဒဏ်ရာရသူ အများအပြားကို တွေ့ခဲ့တယ်လို့ ရဲအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒဏ်ရာရသူတွေထဲက ၄ ယောက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲအရာရှိရုံးက ပြောပြီး အသေးစိတ် အချက်အလက်တွေကို ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
အသတ်ခံရသူတွေရဲ့ နာမည်တွေကို ထုတ်ပြန်ဖို့လည်း ငြင်းဆိုထားပြီး မိသားစုဝင်တွေဆီ အကြောင်းကြားဖို့ကိုလည်း ဆိုင်းငံ့ထားပါတယ်။ ပစ်ခတ်မှုဖြစ်ချိန်မှာ လူရာနဲ့ချီ ရှိနေခဲ့တယ်လို့ ရဲမှူးရုံးက ပြောပါတယ်။
“ဒါဟာ လူတိုင်းအတွက် ကြေကွဲစရာ ခက်ခဲတဲ့ ဖြစ်ရပ်ပါပဲ” လို့ ရဲမှူးရုံးက ဆက်ပြောပါတယ်။
စိန့်ဟယ်လီနာကျွန်းဟာ ဂူလာဂီချီလို့ လူသိများတဲ့ အာဖရိကကျွန်တွေကနေ ဆင်းသက်လာသူတွေရဲ့ ယဉ်ကျေးမှုဗဟိုချက်အဖြစ် လူသိများပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဘားနဲ့ အကင်ဆိုင်က ဂူလာ ရိုးရာစစ်စစ် ဟင်းလျာတွေကို တည်ခင်းတဲ့ဆိုင်အဖြစ် ဖော်ပြထားပါတယ်။
လူ ၄ ယောက် ဒါမှမဟုတ် ပိုပြီး ပစ်သတ်ခံရတဲ့ ဖြစ်ရပ်တွေအဖြစ် သေနတ်အကြမ်းဖက်မှု မှတ်တမ်းက သတ်မှတ်ထားတဲ့ လူအုပ်ကို ပစ်ခတ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အမေရိကန်မှာ ပိုအဖြစ်များလာပါတယ်။
ဒီမိုကရက် ပါတီဝင်တွေနဲ့ ထောက်ခံသူတွေက သေနတ်ကန့်သတ်ချက်တွေကို ပိုနှစ်သက်ကြပြီး ရီပတ်ဘလစ်ကန် ပါတီဝင်တွေနဲ့ ထောက်ခံသူတွေက အကြမ်းဖက်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေကို ပိုကောင်းကောင်း ပြဋ္ဌာန်းခြင်းအားဖြင့် သေနတ်ကိုင်ဆောင်ခွင့်ကို ပေးဖို့ ထောက်ခံကြပါတယ်။
Source: Reuters


