Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးသယ်အဖွဲ့ ပစ်ခတ်မှုဖြစ်၊ အိုက်စ် ၂၄၅ ကီလိုဂရမ် ဖမ်းမိ 
DVB
·
October 8, 2025
Photo: Royal Thai Army

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ အောက်တိုဘာ ၆ ရက် ညက ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အိုက်စ်မူးယစ်ဆေး အလေးချိန် ၂၄၅ ကီလိုဂရမ် ဖမ်းမိတယ်လို့  ထိုင်းတော်ဝင်စစ်တပ်သတင်းက ထုတ်ပြန်ပါတယ်။

ထိုင်းအမှတ် ၃  ထပ်ကျောက်တာ့ခ်စစ်ကြောင်းက ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် ညက မယ်ဆိုင်မြို့နယ်၊ ကော်ချန့်အုပ်စု၊ ပါဆန်းငမ်းကျေးရွာအုပ်စုတွင်း လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် မြန်မာနယ်စပ်မျဉ်းဘက်က လူ ၈ ယောက်မှ ၁၂ ယောက်ခန့်ပါ အဖွဲ့ အိတ်တွေကိုယ်စီနဲ့ ဝင်ရောက်လာခဲ့တယ်၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်တယ်၊ ဒါပေမဲ့ တဘက်က အမျိုးအမည်မသိ သေနတ်အမျိုးအစားနဲ့ စပြီးပစ်လာတာကြောင့် နှစ်ဖက် ၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက် မနက်မိုးလင်းတော့ တာဝန်ရှိသူတွေက အဆိုပါနေရာကို သွားရောက်ပြီး နယ်မြေရှင်းလင်းတာမှာ ကျောပိုးအိတ်အသွင်ပြောင်း ဆာလာအိတ် ၁၀ အိတ် ပြန့်ကျဲနေတယ်၊ အဆိုပါအိတ်ထဲမှာ တအိတ်ကို အိုက်စ်မူးယစ်ဆေး ၂၅ ကီလိုဂရမ်ပါ ၉ အိတ်နဲ့ ၂၀ ကီလိုဂရမ်ပါ ၁ အိတ်တို့ တွေ့ရှိပြီး စုစုပေါင်း အိုက်စ်မူးယစ်ဆေး အလေးချိန် ၂၄၅ ကီလိုဂရမ် သိမ်းဆည်း ရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၆ ရက် တနေ့တည်းမှာပဲ မယ်ဆိုင်ကနေ ချင်းရိုင်းကိုသွားတဲ့ ကားတစီးပေါ် ကနေ စိတ်ကြွဆေးပြား ၉၀၀,၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ပရက်စ် သတင်းမှာ ဖော်ပြပါတယ်။

၆ ရက်နေ့ မနက်စောစော (သန်းခေါင်ကျော်) က ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်၊ ထာ့ခေါက်ပိုတ်ရွာဘက်ကနေ ချင်းရိုင်းမြို့နယ်ဘက်ကို ဦးတည်သွားနေတဲ့ ဆိုင်ကယ်တစီးနဲ့  မီးခိုးရောင် ဆလွန်းကားတစီးတို့ကို မသင်္ကာတာကြောင့် တာဝန်ရှိသူတွေက နောက်ယောင်ခံပြီး မယ်ဖာ့လုံလေဆိပ်သွား အနောက်မြို့ရှောင်လမ်းပေါ်ကနေ တားဆီးစစ်ဆေးခဲ့တယ်။ အမှန်ပဲ အဆိုပါကားပေါ်ကနေ စိတ်ကြွဆေးပြား ၉ သိန်း ဖမ်းမိတယ်။ ယာဉ်မောင်းမှာ ပန်းရောင် ရွှေ့ပြောင်းလုပ်သားကတ် ကိုင်ဆောင်သူ မြန်မာနိုင်ငံသား နိုင်လိမူ (၂၁ နှစ်) ဖြစ်ပြီး ရှေ့က ဆိုင်ကယ်မောင်းပြီး လမ်းပြသူမှာလည်း မြန်မာဘက်ခြမ်းမှာနေတဲ့ မြန်မာတယောက်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အောက်တိုဘာ ၁ ရက်မှ ၆ ရက်နေ့အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးသိမ်းဆည်းရမိမှု ၉ ကြိမ်ရှိတယ်၊ ပမာဏမှာ စိတ်ကြွဆေး ၁,၄၇၀,၂၆၆ ပြား၊ ဘိန်းဖြူ ၁ ဒသမ ၀၄ ကီလိုဂရမ်၊ အိုက်စ်မူးယစ်ဆေး ၂၄၅ ကီလိုဂရမ် ဖြစ်ပြီး မူးယစ်သယ်အဖွဲ့နဲ့ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်၊ မူးယစ်သယ်အဖွဲ့မှ တယောက် သေဆုံး၊ တရားခံ ၉ ယောက် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: Maesaipress / Royal Thai Army

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013