
( ၁ )
၁၉၇၀ ဝန်းကျင်ကာလ။
ကျနော်က မိုးဝေစာပေမဂ္ဂဇင်းမှာ ကဗျာတပုဒ် စတင်ရေးခဲ့တယ်။ ဘာသာပြန် ကဗျာရှည်တပုဒ်ပါ။
အဲဒီတုန်းက ကျနော်က ဆယ်တန်းအောင်ကာစ။ တရုတ်နိုင်ငံခြားစာပေထုတ်ဝေရေးဌာန အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ တရုတ်စာပေမဂ္ဂဇင်းစာအုပ်ထဲက တရုတ်ပြည်နိုင်ငံခြားရေးဝန်ကြီး မာရှယ်ချင်ယီရေးတဲ့ “ကွမ်စီပြည်နယ်ထဲက ပြောက်ကျားရဲဘော်များ” ကဗျာရှည်ကို မြန်မာဘာသာပြန်တာပါ။ တရုတ်ပြည်တော်လှန်ရေးကြီး မပြီးသေးခင်က မာရှယ်ချင်ယီက မော်စီတုံး တို့နဲ့အတူ ယင်အန်းကို လိုက်မသွားရဘဲ သူ့တပ်တွေနဲ့အတူ နောက်တန်းမှာ ချန်နေခဲ့ရပါတယ်။ အဲဒီကာလအတွေ့အကြုံကို သူက ကဗျာရေးခဲ့တာပါ။
တကယ်တော့ ကဗျာကို စတွေ့တာနဲ့ ဘာသာပြန်နေတာက ကိုစန်းမောင်ပါ။ ( တရားရုံးချုပ်ရှေ့နေ၊ လိုင်စင်အသိမ်းခံထားရသူ ဦးစန်းမောင်။ တောတွင်းတနေရာတွင်ဖမ်းမိသော စာရေးဆရာ သခင်မြသန်း ပဲခူးတွင်ရုံးထုတ်စဉ်က မည်သူမျှမလိုက်ရဲစဉ် ဦးစန်းမောင်က ရှေ့နေခမယူ အမှုလိုက်ပေးသဖြင့် နာမည်ကြီးသူ)။ တဝက်လောက် သူတယောက်တည်း မြန်မာပြန်နေရင်းက ကျနော့်ကို ကျန်တဲ့အပိုင်း ပြန်ခိုင်းတာပါ။ ဘာသာပြန်အတွေ့အကြုံနဲ့ အင်္ဂလိပ်စာ တိုးတက်အောင်ဆိုပြီး ဘာသာပြန်တပိုင်းတစ ကျန်တဲ့အပိုင်း ကျနော့်ကို ပြန်ခိုင်းတာပါ။ အင်္ဂလိပ်စာ အင်မတန်အားနည်းနေသေးတာမို့ ကိုစန်းမောင်က ဖေးမသင်ပြပြီး ဘာသာပြန်ခဲ့ကြ တာပါ။
မှတ်မှတ်ရရ ရန်ကုန်ကိုရောက်ပြီး မိုးဝေတိုက်ကို ရောက်တဲ့အခိုက် ဘာသာပြန်ဆိုသူ ကျနော်တို့ နှစ်ယောက်နာမည် ပူးတွဲထိုးထားတဲ့ စာမူစာရွက်တွေကို ကိုင်ပြီး “ကိုင်း ဒီကဗျာကတော့ မိုးဝေမှာ နောက်ဆုံးဖော်ပြမယ့်ကဗျာပဲဗျ”လို့ ပြောရင်း စာမူစာရွက်တွေ ကိုင်ထားတဲ့ မောင်သင်းခိုင်ကို ကျနော် အခုထက်ထိ မျက်စိထဲ မြင်နေဆဲပါပဲ။ မောင်သင်းခိုင်က ကိုလေးအောင်နဲ့တွဲပြီး မိုးဝေမှာ ကဗျာစာတည်း လုပ်တဲ့အချိန်ပါ။
အဲဒီအချိန်က ကျနော်က လူကလည်းငယ် အတွင်းကျကျလူလည်း မဟုတ်တော့ မိုးဝေမှာ ကဗျာဆရာအများစု ဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြတာ အကြောင်းရင်းကို ဂဃနဏတော့ မသိပါဘူး။ နားစွန်နားဖျားပဲ သိခဲ့တာပါ။
မိုးဝေမှာ ကဗျာဆက်မရေးကြတော့ဘူးလို့ဆုံးဖြတ်ကြတဲ့အခါ မိုးဝေ ကဗျာဆရာအုပ်စုကြီးတခုလုံး ကဗျာရေးဖို့ ပလက်ဖောင်း ပျောက်သလို ဖြစ်သွားပါတယ်။ ကျနော်တို့က ငွေတာရီ၊ မြဝတီလို တခြားမဂ္ဂဇင်းတွေရဲ့ နိုင်ငံရေးနောက်ခံကိုလည်း မကြိုက်၊ ပြီးတော့ ကျနော်တို့ ရေးလာကြတဲ့ ကဗျာပုံဏ္ဌာန်အသစ်ကို ဘယ်မဂ္ဂဇင်းကမှလည်း ဖော်ပြချင်ကြတာမဟုတ်တော့ ကျနော်တို့ မိုးဝေကဗျာဆရာအုပ်စုကြီး ကဗျာရေးစရာ ပလက်ဖောင်းအခက်အခဲ ကြုံတော့တဲ့သဘော ဖြစ်ခဲ့ပါတယ်။
အဲဒီအခက်အခဲအပေါ် မူတည်ပြီး မိုးဝေအုပ်စုကဗျာဆရာတွေ အတတ်ပညာ ဆွံ့အမသွားစေရေး တနည်းအားဖြင့် ပြောရရင် “ချွန်” ရေးလို့ပြောတဲ့ အတတ်ပညာ ပိုမိုထက်မြစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “စာပေဆည်းဆာ”ဆိုတာ ပေါ်ပေါက်လာတာပါပဲ။ ပြီးတော့ နိုင်ငံရေးအရလည်း လိုအပ်တဲ့သဘောမို့ “စာပေဆည်းဆာ”လှုပ်ရှားမှု လုပ်ကြဖို့ ဆရာဒဂုန်တာရာ လို၊ ဆရာဗန်းမော်တင်အောင် လို လူကြီးပိုင်းတချို့နဲ့ ကဗျာဆရာ မောင်လေးအောင်၊ ကဗျာဆရာ မောင်သင်းခိုင်၊ ကဗျာဆရာ မုံရွာအောင်ရှင်တို့လို ကဗျာဆရာတွေ တိုင်ပင်ကြ သဘောတူခဲ့ကြတာပါပဲ။
စာပေဆည်းဆာလှုပ်ရှားမှုအတွက် နေရာတချို့မှာ ဆုံတွေ့စည်းဝေးခဲ့ကြတယ်ဆိုတာ အဲဒီတွေ့ဆုံမှုတွေမှာပါတဲ့ ကဗျာဆရာတချို့ နောက်ပိုင်းပြောလို့သိရပေမဲ့ ကျနော်ကတော့ မြောက်ဥက္ကလာ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ နှင်းဆီခြံထဲမှာ ပြုလုပ်တဲ့ အစည်းအဝေးကျမှ ပါခဲ့တာပါ။
အစည်းအဝေးမစမီ ဆရာဗန်းမော်တင်အောင်က အခြေအနေအရ ပြန်သွားရပါတယ်။ ဘာကြောင့်ဆိုတာ အသေအချာမသိပေမဲ့ စောင့်ထိန်းရမယ့်သဘောမို့ မေးမကြည့်ခဲ့ပါဘူး။ ဒီတုန်းက ကိုစန်းမောင်နဲ့ ကျနော်က ပဲခူးကနေ အစည်းအဝေးတက်ကြတာပါ။ ပြီးတော့ ကျနော်က စာရေးဆရာနိုင်ဝင်းဆွေကို တွေ့ဖူးချင်နေတာမို့ အစည်းအဝေးတက်ဖို့ စိတ်ထက်သန်နေတာပါ။ အစည်းအဝေး လူစုံသလောက်ရှိတဲ့အချိန်အထိ နိုင်ဝင်းဆွေက အပြင်ကပြ န်မရောက်သေးပါဘူး။
ခဏနေတော့ အထုပ်ကလေးတထုပ်ကိုင်ပြီး ခြံထဲကို လူတယောက် ဝင်လာပါတယ်။ အသားညိုညို ပုဆိုးခြေမျက်စိဖုံးလုမတတ် အရပ်အမောင်းအနေတော်လူတယောက်။ သူက “ဧည့်သည်တွေကို အမဲသားနဲ့ သင်္ဘာသီးချက်ကျွေးချင်လို့ ဈေးသွားဝယ်တာပါ”လို့ ပြောရင်း အားလုံး ကို ပြုံးပြနှုတ်ဆက်လိုက်ပါတယ်။ နာမည်ကျော် “နွေတည” ဝတ္ထုဖန်တီးရှင် စာရေးဆရာ “နိုင်ဝင်းဆွေ”ပါ။
( ၂ )
နိုင်ဝင်းဆွေရဲ့ နှင်းဆီခြံတဲကလေးမှာ တနိုင်ငံလုံးက မိုးဝေကဗျာဆရာအများစု တက်ရောက်တဲ့ အစည်းအဝေးမှာ အရေးအကြီးဆုံးအချက်က ကဗျာရေးစရာ ပလက်ဖောင်းအခက်အခဲ ဖြေရှင်းရေးကိစ္စပါ။ အဲဒီတုန်းက နီရေးနဲ့ ချွန်ရေး နှစ်ခုစလုံး အရေးကြီးမှန်းသိပေမဲ့ အဲဒီတွေ့ဆုံပွဲမှာတော့ ချွန်ရေးကို ဦးစားပေးပြောကြ ဆွေးနွေးကြတာပါ။ တက်ရောက်လာတဲ့ ကဗျာဆရာ အယောက် ၄၀ ကျော်လောက် ရှိပေမဲ့ အရေအတွက်အတိအကျနဲ့ ကဗျာဆရာ တဦးချင်းရဲ့ နာမည်တွေကို ဆရာဒဂုန်တာရာ တဦးတည်းပဲ မှတ်သားပါတယ်။ လုံခြုံရေးအရ ဘယ်သူမှ ရေးမမှတ်ကြရပါဘူး။
အားလုံးစဉ်းစားမိတဲ့အခြေအနေက မဂ္ဂဇင်းအများစုကြီးက သဘောတရားနဲ့ အနှစ်သာရအရဆိုရင် အာဏာရ မဆလအစိုးရဘက်က မဂ္ဂဇင်းတွေ ဖြစ်တာရယ်၊ မိုးဝေ စင်မြင့်ကဗျာဆရာတွေရဲ့ ခေတ်ပေါ်ကဗျာဟန်ကို ဘယ်မဂ္ဂဇင်းကမှ သဘောပေါက် လက်ခံတာ မရှိတာရယ်ကြောင့် ကိုယ်ပိုင် ပလက်ဖောင်း ဖောက်ကြ၊ ဖန်တီးတည်ဆောက်ကြရမယ်လို့ အားလုံးက တွေးမိလာကြရပါတယ်။ ကိုယ်ပိုင်ပလက်ဖောင်းဟာ အဟန့်အတား အခက်အခဲတွေကို ဖေါက်ထွက် လုပ်ကိုင်ကြရမယ့် သဘောမို့ ပျံနှံ့ရေး ချည့်နဲ့စေမှာဖြစ်ပေမဲ့ မိုးဝေကဗျာဆရာတွေ ပလက်ဖောင်း လုံးဝ မရှိတာနဲ့စာရင် ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်လို့ မြင်ခဲ့ကြပါတယ်။
ကိုယ်ပိုင်ပလက်ဖောင်း ဆိုတာက ဘယ်စာပေကင်ပေတိုင်ကိုမှ ကြောက်နေဖို့မလိုဘဲ ကိုယ့်အားကိုယ်ကိုး ကဗျာစာအုပ်တွေ ထုတ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။ မဆလအစိုးရရဲ့ စာပေနှိပ်ကွပ်ဖိနှိပ်ရေး တည်ဆဲဥပဒေတွေကို ဆန့်ကျင်ပြီး ကဗျာစာအုပ်တွေ ထုတ်ကြဖို့ပါပဲ။
တကယ်တော့ အဲသလို ဆုံးဖြတ်ကြတာမှန်ပေမဲ့ ပုံနှိပ်စက်နဲ့ရိုက်ပြီး ထုတ်ကြတာ မဟုတ်ပါဘူး။ ဖိနှိပ်ရေးဥပဒေနဲ့ ငြိစွန်းနေလို့ ဘယ်ပုံနှိပ်တိုက်မှလည်း ရိုက်နှိပ်ပေးရဲမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဖယောင်းစက္ကူပေါ် သံကညစ်နဲ့ရေးပြီး ဒလိမ့်တုံးနဲ့လှိမ့်၊ ပြီးမှ တရွက်ချင်းစီ လိုသလို ဖြတ်တောက်ပြီးမှ ကဗျာစာအုပ်လေးတွေ ချုပ်ရတာပါ။ ဒါကို ဆရာဒဂုန်တာရာကတော့ ကျောက်ပုံနှိပ်စာအုပ်လို့ ပြောပါတယ်။ အဲသလိုနဲ့ မိုးဝေမှာ ရေးနေတဲ့ ကဗျာဆရာတွေဆီ ကဗျာတွေတောင်း တယောက် နှစ်ယောက်က တာဝန်ယူ ကျောက်ပုံနှိပ်ကဗျာစာအုပ်ကလေးတွေ ထုတ်ဖို့ ဆုံးဖြတ်ကြပါတယ်။ ပြီးတော့မှ လက်သိပ်ထိုး ဖြန့်ဝေကြမယ့်သဘောပါ။
ဒီတုန်းက စာပေဆည်းဆာလုပ်ဖြစ်ဖို့ တနိုင်ငံလုံးက လူငယ်ကဗျာဆရာတွေကို အင်တိုက်အားတိုက် လိုက်လံစည်းရုံးသူက မောင်သင်းခိုင် ပါ။ ဒီနေရာမှာ ဆရာဒဂုန်တာရာ အလေးအနက်ထား သတိပေးတဲ့ အကြံပေးတဲ့စကား ကျနော် သတိရနေပါသေးတယ်။ တရုတ်ပြည် ချန်ကေရှိတ်လက်ထက် တရုတ်လူငယ်တချို့ အခု စာပေဆည်းဆာသဘော စုစည်းဆုံတွေ့ လုပ်ခဲ့ကြတာရှိတယ်။ နောက်တော့ ချန်ကေရှိတ်က သိသွားပြီး အဲဒီအုပ်စုထဲ ပါဝင်တဲ့ ကဗျာဆရာတချို့ ချန်ကေရှိတ်စစ်ထောက်လှမ်းရေးက လျှို့ဝှက်လိုက်လံ သတ်ဖြတ်တာခံ ခဲ့ရကြောင်း။ ဒါကြောင့် လုံခြုံရေးဂရုစိုက်ကြဖို့ လုပ်တာကိုင်တာ ကျစ်လျစ်ထိန်းသိမ်းကြဖို့ သတိပေးခဲ့ပါတယ်။
( ၃ )
စာပေဆည်းဆာရဲ့ ဗွေဆော်ဦးထွက်လာတဲ့ ကဗျာစာအုပ်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” ဖြစ်ပါတယ်။ စာအုပ်နာမည်ကို ဆရာဒဂုန်တာရာ ပေးခဲ့တာပါ။ မျက်နှာဖုံးပန်းချီကို (ကို)ဝသုန် ဆွဲပေးခဲ့တာပါ။ သံကညစ်နဲ့ ရေးပေးသူက ကိုအောင်ငြိမ်းပါ။ ဗမာပြည်တနံတလျားက လူငယ်ကဗျာဆရာ အထူးသဖြင့် မိုးဝေစင်မြင့်ကို စွန့်ခွါလိုက်ကြတဲ့ကဗျာဆရာ စုံစုံလင်လင် ပါဝင်ရေးကြပါတယ်။ ဆရာတာရာ အပါအဝင် လူကြီးတချို့လည်း ဝင်ရေးကြပါတယ်။ ကျနော်နဲ့ ကိုစန်းမောင်လည်း ရေးပါတယ်။
စာပေဆည်းဆာရဲ့ ဒုတိယမြောက်စာအုပ်က “မတ်လအရိပ်”ပါ။ အဲဒီစာအုပ်ကျတော့ မုံရွာအောင်ရှင်က ဝင်ရေးပေးပါတယ်။ မျက်နှာဖုံးပုံက ကိုဝသုန်ပဲ ဆွဲပါတယ်။ ဒီစာအုပ်ထဲမှာ ဆရာမောင်သာနိုးလည်း ဝင်ရေးတာ မှတ်မိပါတယ်။
စာပေဆည်းဆာရဲ့ တတိယအကြိမ်မြောက် ကဗျာစာအုပ်မှာတော့ ကဗျာဝင်ရေးကြသူ ပိုများလာပါတယ်။ စာအုပ်နာမည်က “မိုးရိပ်လေရိပ်”ပါ။ အဲဒီအချိန်က စာပေဆည်းဆာ ကဗျာစာအုပ်တွေမှာ တရုတ်ပြည်နယ်စပ်ကို ဆုတ်ခွာရတဲ့ ဗိုလ်မှူးချုပ်ဟောင်းရဲ့ သားသမီးတွေ ဖြစ်ကြတဲ့ ဒေါက်တာလှကျော်ဇောတို့ မောင်နှမနှစ်ယောက် ဝင်ရေးတာ တွေ့ရပါတယ်။ ပြီးတော့ ဖိုးသံချောင်း၊ ဆရာတင်မိုး၊ မောင်စွမ်းရည်၊ မောင်တင်ရွှေတို့လည်း ဝင်ရေးပါတယ်။ ထင်ပေါ်ကျော်ကြားစပြုပြီဖြစ်တဲ့ လူငယ်ကဗျာဆရာ အောင်ချိမ့်တို့ မောင်ချောနွယ်တို့လည်း ဝင်ရေးပါတယ်။ ကျနော်နဲ့ ကိုစန်းမောင်လည်း ဝင်ရေးကြပါတယ်။
အဲဒီကဗျာစာအုပ်အတွက် စာမူတွေလိုက်တောင်းတာကအစ ကိုယ်တိုင် ကညစ်နဲ့ရေး စာအုပ်တွေချုပ်၊ စနစ်တကျ ဖြန့်ဝေတဲ့အလုပ်ကို ရန်ကုန်မှာနေတဲ့ ကဗျာဆရာ မုံရွာအောင်ရှင်နဲ့ ကဗျာဆရာ အောင်ငြိမ်းတို့က ဒိုင်ခံဆောင်ရွက်ခဲ့ကြတာပါ။
( ၄ )
“စာပေဆည်းဆာ” လှုပ်ရှားမှုအနေနဲ့ ရန်ကုန်တွင်မက နယ်တချို့မှာလည်း ကိုယ့်အစီစဉ်နဲ့ကိုယ် ဖယောင်းပုံနှိပ်စာအုပ် ထုတ်ခဲ့ကြပါသေးတယ်။ ရန်ကုန်ကထုတ်တဲ့ နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်၊ ပြင်ဆင်တဲ့အခါ ဘယ်လိုရေး ဘယ်လိုလှိမ့် ဘယ်လို စာအုပ်ချုပ်ရတယ်ဆိုတာ ကျနော်က ရန်ကုန်မှာနေတဲ့ ကိုအောင်ငြိမ်းဆီ သွားသင်ပါတယ်။ ကိုအောင်ငြိမ်းက ရန်ကုန်ဘူတာကြီးနဲ့ မနီးမဝေး ဟိုတုန်းက ကားမောင်းလိုင်စင်စစ်တဲ့နေရာအကျော်မှာ နေတာပါ။ သူ့ဆီမှာ တညအိပ် နေပြီး ကြည့်ခဲ့သင်ခဲ့ရတာပါ။
ဖယောင်းပုံနှိပ်ကဗျာစာအုပ်တွေကို နယ်မြို့တချို့ကလည်း ထုတ်ကြပါတယ်။ ဥပမာ ပျဉ်းမနားက “တောင်ညိုခင်တန်း ”၊ ကျနော်တို့ပဲခူးက “ဆီးပွင့်” နဲ့ “ဒီရေ” ကဗျာအုပ်တွေ ဖြစ်ပါတယ်။ ပဲခူးကထုတ်တဲ့ ကဗျာစာအုပ် ၂ အုပ်စလုံး ကျနော်ပဲ သံကညစ်နဲ့ ဒိုင်ခံရေးပါတယ်။ မင်းခိုင်ဦးနဲ့ ကိုစန်းမောင်က စာအုပ်တွေ ဝိုင်းချုပ်ပါတယ်။
ပဲခူးကထုတ်တဲ့ ကဗျာစာအုပ် နှစ်အုပ်ရဲ့ ထူးခြားချက်က ဘာသာပြန်ကဗျာစာအုပ်တွေချည်းပါ။ ကိုစန်းမောင်၊ မင်းခိုင်ဦး၊ ငခါး (ကိုခါး ကွမ်းခြံကုန်း မဟုတ်ပါ။)၊ ကျနော်။ ဘာသာပြန်ကဗျာအားလုံး ကိုစန်းမောင်က တည့်မတ်တည်းဖြတ်ပေးခဲ့တာပါ။
စာအုပ်တွေကို မြစ်ကြီးနား ဗန်းမော်၊ စစ်တွေလို နေရာတွေအထိ သိုသိပ်စွာ ဖြန့်ခဲ့ကြပါတယ်။ တကယ်လည်း အတွင်းစည်းလုံခြုံရေး ထိန်းနိုင်ခဲ့ကြပါတယ်။
ဒီနေရာမှာ မဖြစ်မနေ ထည့်ပြောရမယ့် ချစ်စရာ လူနှစ်ယောက်လည်း ရှိပါသေးတယ်။ စာပေဆည်းဆာလှုပ်ရှားမှုမှာ ကဗျာဆရာ မဟုတ်ကြတဲ့ စာရေးဆရာနိုင်ဝင်းဆွေနဲ့ ပန်းချီဆရာ ဝသုန်တို့ ဖြစ်ပါတယ်။
( ၅ )
နောင် နှစ် ၃၀ လောက် ရောက်တဲ့အခါ စာပေဆည်းဆာမှာ ပါဝင်ဝိုင်းဝန်းကြသူ လူငယ်ကဗျာဆရာတွေရဲ့ ခေတ်ပေါ်ကဗျာတွေဟာ ဒီနိုင်ငံရဲ့ ကဗျာမိုးကောင်ကင်ကို ဂုဏ်သိက္ခာရှိစွာ ဖြန့်ကြက်နေရာယူလာနိုင်ခဲ့ကြပါတော့တယ်။ ကဗျာပင်မရေစီးသဘော ဖြစ်လာခဲ့ပါတယ်။ အခုတော့လည်း စာပေဆည်းဆာ လှုပ်ရှားမှုစည်းဝိုင်းအတွင်း ပါဝင်ခဲ့ကြသူ ကဗျာဆရာတွေ၊ ထိထိရောက်ရောက် ဦးဆောင်ခဲ့ကြသူ လေးစားချစ်ခင်ရတဲ့ ကဗျာဆရာ အများစု ကွယ်လွန်သွားကြပါပြီ။
ကျနော်ဟာ စာပေဆည်းဆာလှုပ်ရှားမှု ပြုလုပ်ကြစဉ်က အသက်အနည်းငယ် ငယ်ရွယ်တာရယ်၊ ထင်ရှားထိရောက်တဲ့ ကဗျာရေးသူမဟုတ်တာရယ်ကြောင့် ဒီအကြောင်းကို ကိုယ်စားပြုပြီး ရေးခွင့်ရှိသူ ရေးနိုင်စွမ်းသူမဟုတ်ဘူးဆိုတာ အနူးအညွတ်ဝန်ခံအပ်ပါတယ်။
ဒါပေမဲ့လည်း သိသမျှ ကြားသမျှ စိစစ်မှတ်သားပြီး ဆောင်းပါးလေးတပုဒ်တော့ ရေးမှဖြစ်မယ်လို့ ယူဆပါတယ်။ မှားနေတာ လိုအပ်တာတွေရှိရင် သိသူများက တည့်မတ်ဖြည့်စွက်ကြပါ။
“စာပေဆည်းဆာ” လှုပ်ရှားမှုဟာ ကျနော့်အဖို့တော့ အင်မတန်အရေးကြီးတဲ့ ဖြစ်ရပ်တခုလို့ ခံစားရပါတယ်။ ဒါကြောင့်မို့ စာပေဆည်းဆာလှုပ်ရှားမှုမှာ မထင်မရှား မထိမရောက် ကဗျာရေးသူ တယောက်အနေဖြင့် ပါဝင်ခဲ့ရတာကိုတော့ ကျေနပ်နေမိပါကြောင်း။




