
ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ နိုင်ငံ့တာဝန်ကို လွှဲအပ်သွားမယ်လို့ စက်တင်ဘာ ၂၅ ရက်က မော်စကိုမှာ မင်းအောင်လှိုင် ပြောကြားခဲ့တယ်။ အာဏာရှင်ဖြစ်ဖို့ရာ သွေးအလိမ်းလိမ်း ထရုန်းကန်နေရတဲ့ ငချွတ်လေး မင်းအောင်လှိုင်က ကမ္ဘာဖျက်အာဏာရှင်ကြီး ပူတင်ထံ သံတော်ဦးတင်တဲ့ အဲဒီစကားသံ ထွက်ပေါ်လာတော့ မင်းအောင်လှိုင် ပြောသမျှ အကောင်းမြင်ဖို့ရာ အဆင်သင့်ဖြစ်နေသူတွေက သောင်းသောင်းဖြဖြ ကြိုဆိုကြကုန်တယ်။
ကဲ၊ ဘယ်နှယ့်ရှိစ။ တို့အဘကြီးက ရုရှားပြည်ကြီးအထိ အရောက်သွားကာ မြန်မာ့နိုင်ငံရေး ရှေ့ခရီးကို ကမ္ဘာကြီးသိအောင် ကြေညာပြလိုက်ပြီလို့ အဘတို့ရဲ့ ထင်ရာမြင်ရာ ပြောသမျှမှာ မိန်းမောနေသူတချို့က ဆိုတယ်။ ပြည်သူက အနီကတ်ပြထားတဲ့ ဒီမိုကရေစီ အယောင်ဆောင် ပါတီဝင်တဦးကလည်း မင်းအောင်လှိုင်ရဲ့ အဲဒီစကားဟာ စစ်ကော်မရှင်ရွေးကောက်ပွဲဆိုတာ အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲဖြစ်ကြောင်း နိမိတ်စကားဖြစ်တယ်လို့ ရဲရဲတင်းတင်း မှတ်ချက်ပြုတယ်။
သူတို့ အဲဒီလို မှတ်ချက်ပေးမယ်ဆိုလည်း ပေးချင်စရာ။ မင်းအောင်လှိုင်ရဲ့ အဲဒီစကားကို အပေါ်ယံရှပ်ရှပ်လေး တွေးလိုက်ရင် ရွေးကောက်ပွဲပြီးတဲ့အခါ တက်လာတဲ့ အစိုးရကို နိုင်ငံရေးတာဝန်တွေ အကုန်လွှဲအပ်ကာ အာဏာသိမ်း လူသတ်၊ ပြည်ဖျက် နိုင်ငံရေးကနေ အနားယူတော့မှာလိုလို။
မင်းအောင်လှိုင် ပြောခဲ့တဲ့ ဒီမိုကရေစီစံနှုန်းနဲ့အညီ ဆိုတာက မင်းအောင်လှိုင်ကိုယ်တိုင် ဖျက်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ အယောင်ဆောင်ရွေးကောက်ခံအစိုးရတရပ် ဖွဲ့စည်းကာ အဲဒီအယောင်ဆောင် အစိုးရကို အာဏာလွှဲအပ်မယ်လို့ ဆိုလိုတဲ့ပုံ။
ဆိုတော့ စစ်ကော်မရှင်ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲမှာ ဘယ်ပါတီက အလားအလာ ကောင်းနေပါသလဲ။ ကြံ့ခိုင်ရေးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆိုတဲ့အသံကို ကြားရုံနဲ့တင် ပုန်းစရာနေရာရှာမိတဲ့အထိ အရှုံးကြီး အကြောက်ကြီးနေဆဲပေမဲ့ NLD မပါတဲ့ ရွေးကောက်ပွဲမှာတော့ သူသည်လည်း ဒေါင်ဒေါင်မြည်။ ကြံ့ခိုင်ရေးပါတီမှာ ဒီနေ့ထိ သူ့ပရိသတ်နဲ့သူ ရှိပြီးသား။ ကြံ့ခိုင်ရေးနဲ့ ယှဉ်ကာ တနိုင်ငံလုံးအနှံ့ ဝင်ပြိုင်ကြမယ့် ကျန်ပါတီတွေဆိုတာက ပရိသတ် ငါးပြား၊ ဆယ်ပြားနဲ့ သုညမှာသာ ချာလပတ်ရမ်းနေသလို ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း တနေရာတောင် အနိုင်မရခဲ့တဲ့ ပါတီတွေချည်း။ ဒါ့အပြင် ဘယ်ပါတီက ဘယ်လောက်နိုင်နိုင်၊ ရွေးကောက်ပွဲ မဲ အနိုင်၊ အရှုံး ရလဒ်ဆိုတာ မင်းအောင်လှိုင် ပါးစပ်ထဲမှာသာ ရှိနေတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားပဲ မဟုတ်လား။
ပြီးတော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သန်းဌေး နိုင်ငံရေးလားပင်စင်ယူလိုက်ရခြင်းနဲ့ လက်ရှိဥက္ကဋ္ဌ ခင်ရီ တက်လာခြင်းရဲ့ နောက်ကွယ်မှာ သေနတ်မောင်းတင်ကာ မင်းအောင်လှိုင် ခါးထောက်စောင့်ကြည့်နေတာ အားလုံးသိထားတဲ့ လျှို့ဝှက်ချက်လည်းဖြစ်နေပြန်တယ်။ ဒါကို နောက်တမျိုး ထပ်ပြောရရင် မင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီကိုလည်း အာဏာသိမ်းထားပြီးသားလို့ အဓိပ္ပာယ်ထွက်တယ်။
မင်းအောင်လှိုင် မထူးဇာတ်ခင်းနေကြောင်း၊ မင်းအောင်လှိုင် ဓားထက်ကြောင်းနဲ့ မင်းအောင်လှိုင်မှာ နောင်တဆိုတာ နောင်ဘဝကျမှသာ ရှိနိုင်တော့ကြောင်း နေပြည်တော်စစ်အုပ်စုဝင်တွေကြား ဖျားလောက်အောင် သိရှိပြီးသား။ ခင်ရီဆိုတာ မင်းအောင်လှိုင် စေလိုရာစေဘဝနဲ့ မင်းအောင်လှိုင်သနားမှ အာဏာလေး များများစားစား ရနိုင်မယ်မှန်း သွေးထဲသားထဲကနေ သဘောပေါက်ပြီးသားမို့ အခုဆိုရင်တောင် တရားမဝင်အစိုးရအဖွဲ့ဝင်တွေနဲ့ တရားမဝင် လွှတ်တော်အကြီးအကဲတွေရဲ့စာရင်းကို မင်းအောင်လှိုင်စိတ်ကြိုက် လျာထားလောက်ပြီလို့ ဆိုနိုင်တယ်။
အခုဆို မင်းအောင်လှိုင်က ရှေးသရာအခါကတည်းက သူ့ လက်ရင်း လက်ရုံး သစ္စာခံ တပ်အရာရှိကြီးတွေကို ကြံ့ခိုင်ရေးပါတီထဲသို့ ပို့လွှတ်တန်လွှတ်၊ စစ်တပ်တွင်း အစားထိုးခန့်အပ်စာရင်းထဲမှာလည်း ဒေါင်ဒေါင်မြည် သစ္စာခံတွေချည်းမို့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ သန်းရွှေက လုံးလုံးလျားလျား အာဏာစွန့်ခဲ့သလို မင်းအောင်လှိုင်ကရော ဘယ်လိုလဲဆိုတဲ့ မေးခွန်း ထွက်ပေါ်လာတာ ဘယ်ဆန်းမလဲ။
ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး သန်းရွှေ အာဏာစွန့်သွားတယ်ဆိုတာ နိုင်ငံတကာက နောက် ကြောင်းပြန် တရားစွဲနိုင်စရာ လက်စလက်နတွေ ဘာမှမကျန်အောင် ရှင်းလင်းဖုံးအုပ်ပြီးမှ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားတာမျိုး။ ပြည်တွင်း တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း အကြမ်းမဖက်တဲ့ လူထုတိုက်ပွဲပုံစံကို တောင် ကျယ်ကျယ်ပြန့်ပြန့် မဖော်ဆောင်နိုင်တော့တာမို့ နေပြည်တော်အာဏာကို ထိပါးနိုင်ဖို့ဆိုတာ အဝေးကြီး။
အခု အာဏာရှင်ဖြစ်ဖို့ကိုတောင် ရုန်းကန်နေရတဲ့ မင်းအောင်လှိုင်ရဲ့ အခြေအနေကျတော့ ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းအထုတ်ခံထားရရုံတင်မက နောက်ထပ်လည်း ဖမ်းဝရမ်းတွေ လာနိုင်ခြေရှိသေးတဲ့ဘဝ။ ဒါ့အပြင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစုက ကျူးလွန်ထားတဲ့ ကြောက်မက်ဖွယ် ရာဇဝတ်မှုကြီးတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) မှာ အထုပ်လိုက်အထည်လိုက်ကြီးမို့ ပြည်တွင်း၊ ပြည်ပက ပျော်ပျော်ကြီး စွပ်ပေးကြမယ့် ကြိုးကွင်းတွေက တန်းစီလျက်။
ပြီးတော့ တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၀ ဝန်းကျင်ကို ကာလတိုအတွင်း ပြန်တိုက်ယူနိုင်ဖို့မလွယ်သလို မောင်းတင်ထားတဲ့ သေနတ်တွေကို အလွယ်တကူမီးမြှိုက်ပြီး စစ်မီးကို ငြှိမ်းသတ်ဖို့ မဖြစ်နိုင်တာလည်း သိပ်သေချာတယ်။
ပြောရရင် တန်းစီစောင့်နေတဲ့ ကြိုးကွင်းတွေနဲ့ မောင်းတင်ထားတဲ့ သေနတ်တွေကို ပင်စင်စားဘဝနဲ့ စိတ်ပုတီးလေး တဂျောက်ဂျောက်စိပ်ကာ ပြေငြိမ်းပစ်လိုက်လို့ မရမှန်း မင်းအောင်လှိုင် ကောင်းကောင်းသိတယ်။ အာဏာလက်မဲ့ဘဝမှာ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ တရားဝင် စွဲချက်တင်လိုက်ပြီဆိုတာလည်း မင်းအောင်လှိုင် မသိဘဲ ဘယ်နေလိမ့်မလဲ။
သေချာတာက တရားမဝင်ရွေးကောက်ပွဲအပြီး တရားမဝင်အစိုးရကို ဦးဆောင်မယ့် သမ္မတ သို့မဟုတ် သမ္မတထက် ပိုမြင့်တဲ့ တစုံတရာ ဘယ်သူ ဖြစ်လာမလဲဆိုတာ မင်းအောင်လှိုင် တဦးတည်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါ့ကြောင့် တရားမဝင် သမ္မတဟာ တယောက်ယောက်ဖြစ်ခဲ့ရင် သမ္မတရဲ့အထက် အစိုးရအဖွဲ့ကိုရော စစ်တပ်ကိုပါ ချုပ်ကိုင်ထားတဲ့ ရာထူးတခုခုက မင်းအောင်လှိုင် ဖြစ်နိုင်ပါတယ်။
အဲဒီလိုမှ မဟုတ်ခဲ့ရင်လည်း လက်ရှိ တရားမဝင် ယာယီသမ္မတ မင်းအောင်လှိုင်က ပြည်သူ့ရွေးချယ်ခံ အယောင်ဆောင် တရားမဝင်သမ္မတ မင်းအောင်လှိုင်ထံ အာဏာထပ်လွှဲပြီး တရားမဝင်သမ္မတက အခြေခံဥပဒေကို လိုသလို ဖွင့်ဆိုကာ စစ်တပ်ကိုပဲ ဆွဲကိုင်ထားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
ဆိုတော့ ပူတင်ကို မင်းအောင်လှိုင် သံတော်ဦးတင်ခဲ့တဲ့ ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီစံနှုန်းတွေနဲ့ အညီ နိုင်ငံ့တာဝန်ကို လွှဲအပ်သွားမယ်ဆိုတာ မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာထပ်မလွှဲပါဘူးလို့ ပြောကြားခဲ့တာ မဟုတ်ပါဘူး။
ပြီးတော့ မင်းအောင်လှိုင် ဆိုတာ ဘယ်သူ့ကိုမှ သူနဲ့တန်းတူ တနေရာရာ အာဏာခွဲပေးမယ့်သူလည်း မဟုတ်ပါဘူး။ အားလုံးရဲ့ထိပ်မှာ ပြိုင်ဘက်မရှိတဲ့ အာဏာနဲ့ ပြိုင်ဘက်ရှိလာရင်လည်း ပြတ်သားစွာ ချေမှုန်းပစ်နိုင်စွမ်းတဲ့ အာဏာ။
မင်းအောင်လှိုင် ဆိုတာ ကြိုးတန်းလန်းနဲ့ ကျားမြီးဆွဲကာ ပြေးနေရသူပါ။
လင်းဆက်ငြိမ်းချမ်း