
နော်ဝေလက်ရွေးစင်ဘောလုံးအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ နီးစပ်လာခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက် အစ္စရေးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နော်ဝေအသင်းက ၅ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ခြေစစ်ပွဲအောင်ဖို့ ခြေတလှမ်းတိုးလာခဲ့တာပါ။
အသင်းခေါင်းဆောင် အိုဒီဂတ် ပါဝင်နိုင်ခြင်းမရှိသည့်တိုင် နော်ဝေအသင်းက ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး ဟာလန်းက ပင်နယ်တီမဝင်ခဲ့ပေမဲ့ ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
နော်ဝေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ် ၆ ပွဲစလုံးအနိုင်ရရှိထားပြီး လက်ကျန် ၂ ပွဲအလိုမှာ တပွဲကစားဖို့ ကျန်သေးတဲ့ ဒုတိယနေရာက အီတလီကို ၆ မှတ်ဖြတ်ထားတာပါ။
အီတလီထက် ဂိုးကွာဟချက် (+ ၁၉) အထိအသာရထားတဲ့ နော်ဝေဟာ လာမယ့် နိုဝင်ဘာ ၁၃ ရက်မှာကစားရမယ့် အက်စ်တိုးနီးယားနဲ့ပွဲမှာ အနိုင်ရမယ်ဆိုရင် ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသွားမှာဖြစ်ပြီး ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားခွင့် ပြန်လည်ရရှိလာတော့မှာ ဖြစ်ပါတယ်။


