
ကမ္ဘာ့ဖလားခြေစစ်ပွဲ စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အင်ဒိုနီးရှားအသင်းဟာ အောက်တိုဘာ ၁၁ ရက်က ဆော်ဒီနိုင်ငံ၊ ဂျက်ဒါးမြို့မှာကျင်းပတဲ့ခြေစစ်ပွဲမှာ အီရတ်အသင်းကို ( ၀-၁) ဂိုး နဲ့ ရှုံးနိမ့်ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်မျှော်လင့်ချက် ပျက်ပြယ်သွားပါတယ်။
အုပ်စု B မှာ ကျရောက်နေတဲ့ အင်ဒိုနီးရှားအသင်းဟာ ခြေစစ်ပွဲမှာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစစ်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
အီရတ်အသင်းကတော့ အင်ဒိုနီးရှားကို အနိုင်ရခဲ့လို့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်မျှော်လင့်ချက်ကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။
အစ်ကဗလ်က ဒုတိယပိုင်းအစမှာ အီရတ်အသင်းအတွက် လူစားဝင်လာပြီးနောက် ပွဲပြီးဖို့ ၁၄ မိနစ်အလိုမှာ အနိုင် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အီရတ်အသင်းဟာ အင်္ဂါနေ့မှာ ဆော်ဒီအာရေဗျနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲ အနိုင်ရသူက ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရမှာ ဖြစ်သလို ရှုံးသူက နောက်ထပ် အရည်အချင်းစစ်ပွဲ အဆင့်ကို ကစားရမှာ ဖြစ်ပါတယ်။
အချိန်ပို ၉ မိနစ်မှာ ဇာအိဒ်တာဆင်းဟာ ၂ ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပေမဲ့ အီရတ်အသင်းက ဂိုးကို ထိန်းထားနိုင်ခဲ့ပါတယ်။
ဒီပွဲ အနိုင်ကြောင့် အီရတ်အသင်းဟာ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အီရန်၊ ဥဇဘက်ကစ္စတန်နှင့် ဂျော်ဒန်တို့နှင့်အတူ လာမယ့်နှစ် ဗိုလ်လုပွဲမှာ အာရှကိုယ်စားပြုအဖြစ် ပါဝင်ဖို့ သူတို့ရဲ့မျှော်လင့်ချက်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။
အင်ဒိုနီးရှားအသင်းကတော့ အာဆီယံဒေသတွင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ တခုတည်းသောအသင်း ဖြစ်ပါတယ်။


