
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာလမ်းပေါ်မှာ အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ယောက် သေဆုံး၊ ဆိုင်ကယ်တွေနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ Special Force 11 (LPDF) ဆီကနေ သိရပါတယ်။
Special Force 11 (LPDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့ မနက် ၇ နာရီလောက်မှာ မန္တလေး-မုံရွာ ကားလမ်းပေါ်ကိုဖြတ်လာမယ့် စစ်ယာဉ်တန်းကို လုံခြုံရေးယူဖို့ ချောင်းဦးမြို့ပေါ်ကနေ ဆိုင်ကယ်တွေနဲ့ထွက်လာကြတဲ့ စစ်သား ၄ ယောက်ကို ကြားဖြတ်တိုက်ခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် (CHU PDF) နဲ့ Special Force 11 (LPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
Special Force 11 (LPDF) ရဲ့ တာဝန်ခံက “မန္တလေး-မုံရွာကားလမ်းပေါ်မှာရှိတဲ့ ချောင်းဦးအထွက်က သံလွင်မြန်မာဆီဆိုင်နားမှာဖြစ်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုက နာရီဝက်လောက်ကြာခဲ့တယ်။ သူတို့ထဲက ၃ ယောက်ကတော့ နေရာမှာသေပြီးတော့ ၁ ယောက်ကတော့ ပေါင်မှာဒဏ်ရာရပြီး ထွက်ပြေးသွားတယ်။ အချိန်မမီရင်တော့ သွေးထွက်လွန်ပြီးသေနိုင်တယ်။ သူတို့ဘက်က သံပြားကာကား ၃ စီးနဲ့စစ်ကူရောက်လာပြီး ပစ်ကူပေးခဲ့လို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းကနေ ဆိုင်ကယ် ၄ စီး၊ BA63 သေနတ် ၃ လက်၊ ၉ မမကျည် ၄၉၄ တောင့်၊ ၇.၆၂ မမ ကျည် ၆၅၂ တောင့်၊ ကျည်ကာဦးထုပ် ၃လုံး၊ BA63 ကျည်ဘောက် ၁၀ ခု၊ BA94 ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ဖုန်း ၄ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့လည်း စစ်တပ်မော်တော်ယာဉ်တွေနဲ့ အနီးကပ်လိုက်ပါ မောင်းနှင်တာတွေကို ရှောင်ရှားခြင်းအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကူညီပေးကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။


