
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗောင်းအိုရီယန်းတဲလ်ပြည်နယ်ရဲ့ ကမ်းလွန်မှာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ညပိုင်းမှာလည်း ပြင်းအား ၆ ဒသမ ၉ ရှိ နောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ငလျင်ကြောင့် မာတီမြို့က လူ ၃ ယောက်၊ ဒါဗောင်းမြို့မှာ တယောက်၊ ဒါဗောင်း ဒီအိုရို ပြည်နယ်ရှိ ပန်တူကန်မှာ ၂ ယောက် သေဆုံးကြောင်း မြို့ပြကာကွယ်ရေးရုံးမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အဒ်နာဒါယန်ဟီရန် က ပြောပါတယ်။
ဒါဗောင်းမြို့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနဲ့ စီမံခန့်ခွဲရေးရုံးမှ အသေအပျောက်ကို အတည်ပြုခဲ့ပြီး မူးမေ့လဲတာနဲ့ အသေးစားဒဏ်ရာတွေ အတွက် လူပေါင်း ၃၄၇ ယောက် ကို ကုသပေးခဲ့ကြောင်းလည်း ဆိုပါတယ်။
ည ၇ နာရီလောက်မှာ ရစ်ခ်ျတာစကေး ၆ ဒသမ ၉ ရှိတဲ့ နောက်ဆက်တွဲ ငလျင်တခု ဖိလစ်ပိုင်နိုင်ငံကို လှုပ်ခတ်သွားခဲ့တာကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ဒေသအနှံ့ရှိ ဆေးရုံတွေနဲ့ ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပြီး လူတွေလည်း ပြုတ်ကျလာတဲ့ အပျက်အစီးတွေကနေလွတ်မြောက်ဖို့ အပြင်ကိုပြေးထွက်ခဲ့ကြတဲ့ မြင်ကွင်းတွေကို လူမှုကွန်ယက်တွေမှာ မြင်တွေ့ရပါတယ်။
ဒါဗောင်းမြို့ရှိ စာသင်ကျောင်းတကျောင်းမှာ အပျက်အစီးတွေ ပြိုကျမှုကြောင့် ကျောင်းသား အများအပြားကို ထိမှန်ခဲ့ပြီး ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေမှ အရေးပေါ် တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
ငလျင်ကြောင့် နိုင်ငံတဝန်းရှိ စာသင်ကျောင်းပေါင်း ၁၂,၀၀၀ ထက်မနည်း ထိခိုက်ခဲ့ပြီး ၅၅၉ ကျောင်းကို ဆိုင်းငံ့ထားရကြောင်း ဖိလစ်ပိုင် ပညာရေးဌာနက ပြောပါတယ်။ စာသင်ခန်းပေါင်း ၂၀၁ ခန်းထက်မနည်း ပျက်စီးခဲ့ပြီး ကျောင်းသား ၅ ယောက်နဲ့ ဆရာတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဗောင်းမြို့မှာ အလုပ်တွေနဲ့ စာသင်ကျောင်းတွေ ယာယီရပ်ဆိုင်းထားရပြီး မြို့တော်ရဲ့ တချို့နေရာတွေမှာ ယာယီဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ခဲ့ရကြောင်း ဖိလစ်ပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source:Reuters




