
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ အောက်တိုဘာ ၁၀ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၄ ရှိတဲ့ ငလျင်တခု လှုပ်သွားခဲ့ရာမှာ အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး ငလျင်ဗဟိုချက်အနီးရှိ မြို့တွေမှာ အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။
ပြင်းထန်တဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒါဗောင်း အို့ရီယန်တလ်ပြည်နယ်ရှိ မာ့နိုက်အ်မြို့ ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၃၀၀ အကွာရှိ ကမ်းရိုးတန်းတွေမှာ ဆူနာမီ သတိပေးချက်ကို စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့အတွက် သတိပေးချက်တွေကို ရုတ်သိမ်းခဲ့ပါတယ်။
ပါနာဘိုမြို့ မီးသတ်စခန်းမှ ပုံတွေထဲမှာ အင်အားပြင်းငလျင် လှုပ်ခတ်နေချိန်အတွင်း မီးသတ်ကားတွေ ယိမ်းခါနေပြီး လူတွေလည်း အကာအကွယ်ရှာနေကြတာတွေကို မြင်တွေ့ရပါတယ်။
မြို့တွင်းရှိ အဆောက်အအုံအများအပြားမှာ အက်ကွဲကြောင်းတွေကို တွေ့ရှိခဲ့ရပြီးနောက်မှာ အပျက်အစီး အကဲဖြတ်မှုကို နောက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိနေလို့ နှစ်စဉ် ငလျင်ပေါင်း ၈၀၀ ကျော်လောက် ကြုံတွေ့နေရတတ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အခုနောက်ဆုံး လှုပ်သွားတဲ့ငလျင်ဟာ လတ်တလောနှစ်တွေအတွင်း အားအပြင်းဆုံး ငလျင်တွေထဲက တခုဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၉ ရှိတဲ့ ငလျင်ကြောင့် နိုင်ငံအလယ်ပိုင်း စီဘူးကျွန်းမှာ လူ ၇၄ ယောက် သေဆုံးခဲ့ရတဲ့ ၁၀ နှစ်ကျော် အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကို ကြုံခဲ့ရအပြီး ၂ ပတ်လောက်အကြာမှာ နောက်ထပ်ကြုံရတာပါ။
Source:Reuters




