
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မင်ဒါနာအိုကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ အင်အားပြင်းငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
ငလျင်လှုပ်အပြီးမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ပါလာအူနိုင်ငံတွေအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အန္တရာယ်မရှိတော့တဲ့အတွက် သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ငလျင်ရဲ့ပြင်းအားကိုတော့ သတင်းအေဂျင်စီတွေက ၇ ဒသမ ၄ ကနေ ၇ ဒသမ ၆ အထိ ရှိတယ်လို့ ဖော်ပြမှု ကွဲလွဲချက်ရှိနေပါတယ်။
ငလျင်လှုပ်ပြီးချိန်မှာ ပစိဖိတ် ဆူနာမီသတိပေးစင်တာက ဖိလစ်ပိုင်ကမ်းရိုးတန်းတချို့မှာ ၁၀ ပေ (၃ မီတာ) အမြင့်ရှိ ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်တယ်လို့ အစပိုင်းမှာ သတိပေးခဲ့ပြီး ကမ်းရိုးတန်းဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်ကမ်းခြေမြို့ တန်ဒက်မှာ တပေ (၃၀ စင်တီမီတာ) ဝန်းကျင် လှိုင်းတွေပဲ ရိုက်ခတ်မှု ရှိခဲ့ပါတယ်။
အင်ဒိုနီးရှားမှာလည်း ဆူလာဝေစီမြောက်ပိုင်းမှာ ၃ ဒသမ ၅ ကနေ ၁၇ စင်တီမီတာပဲရှိတဲ့ အသေးစား ဆူနာမီလှိုင်းတွေပဲ ရိုက်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နာရီပိုင်းအကြာမှာပဲ ပစိဖိတ် ဆူနာမီသတိပေးစင်တာက ဆူနာမီအန္တရာယ် မရှိတော့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ဒီငလျင်ကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဗဟိုချက်အနီး ဆေးရုံတရုံက လူနာ ၂၅၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ကျောင်းသားတချို့ကိုလည်း ဆေးရုံတင်ခဲ့ရပါတယ်။
Source:Reuters