
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးပြည်နယ်မှာ စက်တင်ဘာ ၃၀ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၇၂ ယောက် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်ပြည်သူ့ကာကွယ်ရေးရုံး (OCD) က ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ငလျင်ဒဏ် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတဲ့ ဘိုဂိုမြို့က အသက်ရှင်ကျန်ရစ်သူတွေဟာ နေရာအနှံ့ ဓာတ်အားပြတ်တောက်မှု၊ နေအိမ်တွေ ပျက်စီးမှုနဲ့ ဆေးဘက်ဆိုင်ရာ နေရာတွေမှာလည်း မနိုင်မနင်း ဖြစ်နေရပါတယ်။
ဗုဒ္ဓဟူးနေ့တလျှောက်လုံး နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်နေတာကြောင့် အာဏာပိုင်တွေဟာ ရာနဲ့ချီတဲ့ ငလျင်ဒုက္ခသည်တွေအတွက် မိုဘိုင်းမီးဖိုချောင်တွေကို စီစဉ်ပေးပြီး ညအချိန် နီးလာတာနဲ့အမျှ ယာယီ လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ အချိန်လု လုပ်ဆောင်ပေးခဲ့ပါတယ်။
အမှောင်ကျသွားချိန်မှာတော့ နေထိုင်သူ အများအပြားဟာ ရွက်ဖျင်တဲတွေ ဒါမှမဟုတ် သူတို့ရဲ့ မော်တော်ယာဉ်တွေနဲ့ အိမ်ပြင်ထွက်အိပ်ကြပြီး ကယ်ဆယ်ရေးပစ္စည်းတွေကို စုဆောင်းဖို့ လဟာပြင်ထဲမှာ စုရုံးခဲ့ကြပါတယ်။
ငလျင်ဘေးသင့် ရပ်ကွက်တွေထဲမှာ နေအိမ်တွေ အပြင်းအထန် ပျက်စီးခဲ့ပြီး လေသာဆောင်တွေ လဲပြိုကာ သစ်သားနဲ့ သံပြား အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
တချို့ဒေသခံတွေဟာ အန္တရာယ်ရှိပေမဲ့ သူတို့ရဲ့ ပျက်စီးနေတဲ့ နေအိမ်တွေထဲမှာပဲ နေကျန်ခဲ့ပါတယ်။
နောက်ဆက်တွဲ ငလျင်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးမှုတွေကြောင့် ဘိုဂိုမြို့တော်ရှိ စီဘူးပြည်နယ်ဆေးရုံဟာ အကြောဆေးရည်နဲ့ အောက်ဆီဂျင်သွင်းတာ အပါအဝင် အိပ်ရာမထနိုင်တဲ့ လူနာတွေကို အပြင်ဘက်ကို ရွှေ့ပြောင်းပေးပြီး ကားရပ်နားနေရာထဲမှာ ကုသမှုခံယူနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ဆေးရုံဟာ ကယ်ဆယ်ရေးနဲ့ အသေအပျောက် သတင်းပို့တဲ့ ညှိနှိုင်းရေးစင်တာတခု အဖြစ်လည်း တာဝန်ယူပေးနေရပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ အရေးပေါ် အကူအညီတွေ တင်ဆောင်လာတဲ့ စစ်သုံးယာဉ်တွေဟာ စီဘူးရဲ့ ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီ ရောက်ရှိလာပြီး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရပ်ရွာလူထု အသိုက်အဝန်းတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးအပ်ခဲ့ပါတယ်။