Home
နိုင်ငံတကာ
ဖိလစ်ပိုင်တွင် ရစ်ခ်ျတာစကေး ၇ ရှိ ငလျင်လှုပ်ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်
DVB
·
October 1, 2025
Photo: Reuters

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ စက်တင်ဘာ ၃၀ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၀ ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့လို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်ဆိုင်ရာသိပ္ပံဌာနက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတွေ ကမ်းခြေတွေနဲ့ ဝေးဝေးနေဖို့လည်း သတိပေးခဲ့ရပါတယ်။ ငလျင်ဘေးဒဏ်သင့် ဒေသတွေမှာ စာသင်ကျောင်းတွေ ပိတ်ထားရပြီး ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ဘုရားကျောင်းတွေ ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ ဗဟိုချက်က စီဘူးမြောက်ပိုင်းဒေသဖြစ်ပြီး မြေအောက်အနက် (၆ ဒသမ ၂ မိုင်) ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ ကနဦး သတ်မှတ်ထားတဲ့အကြောင်း အမေရိကန်ဘူမိစစ်တမ်းက သတင်းထုတ်ပြန်ပါတယ်။

လေးတေကျွန်း၊ စီဘူးကျွန်းနဲ့ ဘလဲရန်ကျွန်းတွေက လူတွေကို ကမ်းခြေတွေနဲ့ ကမ်းရိုးတန်းတွေနဲ့ ဝေးဝေးနေဖို့ ကမ်းရိုးတန်းနဲ့ နီးတဲ့လူတွေကို ကုန်းတွင်းရွှေ့ဖို့ သတိပေးထားပါတယ်။

စီဘူးမြို့မှာ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ကက်သလစ်ဘုရားကျောင်းတခု ပြိုကျခဲ့တယ်လို့ ဖိလစ်ပိုင်အခြေစိုက် အင်ကွာရာ သတင်းဌာနက ပြောပါတယ်။

ဘန်တာယန်ကျွန်းပေါ်က စိန့်ပီတာနဲ့ စိန့်ပေါဘုရားကျောင်းလည်း ငလျင်လှုပ်ချိန်မှာ ပြိုကျခဲ့တယ်လို့ ဖီးလ်စတာသတင်းဌာနက ပြောပါတယ်။

လာပူလာပူမြို့၊ မန်ဒါဝေမြို့၊ တာလိဆေးမြို့၊ မင်ဂလာနီလာ၊ ကွန်ဆိုလာစီယွန်နဲ့ လီလိုအန်မြို့တွေ အပါအဝင် စီဘူးကျွန်းရဲ့ နေရာအတော်များများမှာ ဗုဒ္ဓဟူးနေ့အတွက် ကျောင်းတွေကို ယာယီ ပိတ်ထားပါတယ်။

ဂျာမန်ဘူမိသိပ္ပံ သုတေသနဌာနကတော့ ငလျင်ပြင်းအားကို ၆ ဒသမ ၇ လို့ သတ်မှတ်ခဲ့ပါတယ်။ အပျက်အစီးနဲ့ နောက်ဆက်တွဲငလျင်တွေ ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်ဗေဒဌာနက ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်အလယ်ပိုင်း ဗီစာယံကျွန်းမှာ လူ ၅ သိန်းကျော်ဟာ အင်မတန် အားကောင်းတဲ့ တုန်ခါမှုကို ခံစားခဲ့ရလိမ့်မယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ရဲ့ စစ်တမ်းမိုဒယ်လ် ခန့်မှန်းချက်တွေက ဆိုပါတယ်။

အင်မတန်အားကောင်းတဲ့ ငလျင်လှုပ်ခတ်မှုဟာ ညံ့ဖျင်းတဲ့ဒီဇိုင်းနဲ့ ဖြစ်သလို တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို သိသိသာသာ ပျက်စီးစေလိမ့်မယ်၊ ကောင်းကောင်း တည်ဆောက်ထားတဲ့ အဆောက်အအုံတွေမှာတော့ အနည်းအကျဉ်းကနေ အသင့်အတင့် ပျက်စီးနိုင်တယ်လို့ USGS က ဆိုပါတယ်။

အဆိုးဆုံး ငလျင်တုန်ခါမှုကို စီဘူးကျွန်းနဲ့ လေးတေကျွန်းတွေရဲ့ မြောက်ပိုင်းတွေမှာ ခံစားရနိုင်တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013