
ထိုင်ဝမ်ဟာ ရန်သူရဲ့ ခြိမ်းခြောက်မှုကို ခုခံကာကွယ်ဖို့နဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့အတွက် “တီ-ဒုံးမ်” လို့ ခေါ်တဲ့ အလွှာအထပ် များစွာပါရှိတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်ကို တည်ဆောက်မယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းထယ်က အောက်တိုဘာ ၁၀ ရက်မှာပြောကြားလိုက်ပြီး ထိုင်ဝမ်ကျွန်းကိုသိမ်းယူဖို့ အင်အားသုံးနေတာတွေကို စွန့်လွှတ်လိုက်ဖို့ တရုတ်ကိုလည်း တောင်းဆိုလိုက်ပါတယ်။
အမျိုးသားနေ့ မိန့်ခွန်းထဲမှာ သမ္မတလိုင်က ထိုင်ဝမ်ဟာ ကာကွယ်ရေးမှာ ပိုမိုသုံးစွဲဖို့ ဆုံးဖြတ်ထားပြီး အခုနှစ်ကုန်မှာ စစ်အသုံးစရိတ်အတွက် အထူးဘတ်ဂျက်ကို အဆိုပြုမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးတော့ ကျွန်းကို ကာကွယ်မယ့် အစိုးရရဲ့ သန္နိဋ္ဌာန်ကို ပြသခဲ့ပါတယ်။
“ထိုင်ဝမ်-ဒုံးမ်” အမည်ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ ပြည်တွင်းထုတ်ပစ္စည်းတွေနဲ့ နိုင်ငံခြား ကိရိယာတွေကို ပေါင်းစပ်အသုံးပြုကာ "ဘက်စုံ စနစ်ပေါင်းစပ်မှု" အတွက် စမတ်နည်းပညာကို အသုံးချမှာဖြစ်ကြောင်း အခမ်းအနားမတိုင်ခင်မှာ ရိုက်တာရဲ့ သတင်းရင်းမြစ်တွေတခုက ပြောပါတယ်။
ဒရုန်းတွေ၊ ဒုံးပျံတွေ၊ ဒုံးကျည်တွေနဲ့ စစ်လေယာဉ်တွေကို မျိုးစုံပေါင်းစပ်ထားတဲ့ ရှုပ်ရှုပ်ထွေးထွေး ခြိမ်းခြောက်မှုတွေ တိုးလာတာကိုလည်း ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောဆိုပါတယ်။
သမ္မတ လိုင်ချင်းထယ်ဟာ စနစ်အကြောင်း သူ့ရဲ့ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်လိုက်ရာမှာ “တီ-ဒုံးမ်” အကြောင်း အသေးစိတ်ကိုတော့ မပြောသွားခဲ့ပါဘူး။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ဖိအားတွေကို တိုးမြင့်ရင်ဆိုင်နေရတာပါ။
တရုတ်ကလည်း ထိုင်ဝမ်ကို သူ့အပိုင်နယ်မြေလို့ ရှုမြင်ထားပြီး ထိုင်ပေအစိုးရကလည်း အဲဒီအမြင်ကို အပြင်းအထန် ကန့်ကွက်နေတာဖြစ်ပါတယ်။
ထိုင်ဝမ်ဟာ စစ်အင်အား ပိုမိုကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ရင်ဆိုင်နေရတာကြောင့် ကျွန်းအတွက် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကာ သူ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင် လုပ်ဆောင်နေတာဖြစ်ပြီး ကိုယ်ပျောက်တိုက်လေယာဉ်တွေ၊ လေယာဉ်တင်သင်္ဘောတွေနဲ့ ဒုံးကျည် အမြောက်အမြားလို အဆင့်မြင့်လက်နက်သစ်တွေကို ထည့်သွင်းနေတာ ဖြစ်ပါတယ်။
Source:Reuters




