Home
နိုင်ငံတကာ
ခိုးရာပါဖုန်းများအား တရုတ်သို့ မှောင်ခိုကူးသည့် ရာဇဝတ်ဂိုဏ်းကို ဗြိတိန်ရဲ ဖမ်းဆီး
DVB
·
October 9, 2025
Photo: METROPOLITAN POLICE

လန်ဒန်ရဲတပ်ဖွဲ့ဟာ အခုချိန်အထိ ဖုန်းခိုးယူမှုတွေကို နှိမ်နင်းတဲ့ အကြီးဆုံး စစ်ဆင်ရေးတရပ် အတွင်းမှာ အခိုးခံထားရတဲ့ မိုဘိုင်းဖုန်း အလုံး ၄၀,၀၀၀ ကို တရုတ်နိုင်ငံကို မှောင်ခိုပို့နေတယ်လို့ သံသယရှိတဲ့ ရာဇဝတ်ဂိုဏ်းတဂိုဏ်းကို ဖြိုခွင်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ၄၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲမှူး အန်ဒရူး ဖယ်သာစတုန်းက “ဒါဟာ ယူကေမှာ မိုဘိုင်းလ်ဖုန်း ခိုးယူမှုနဲ့ ဓားပြတိုက်မှုကို အကြီးကျယ်ဆုံး နှိမ်နင်းမှုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကြီးဟာ လမ်းဘေးသူခိုးတွေ အဆင့်ကနေ နှစ်စဉ် ခိုးရာပါပစ္စည်းတွေကို ထောင်သောင်းချီ တင်ပို့နေတဲ့ နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းအဖွဲ့တွေအထိ အဆင့်တိုင်းကို ရှင်းလင်းလိုက်ပါပြီလို့ ဆိုပါတယ်။

ဒီဂိုဏ်းဟာ လန်ဒန်က ဖုန်းအခိုးခံရမှု အားလုံးထဲက ၄၀ ရာခိုင်နှုန်းလောက်ရဲ့ နောက်ကွယ်မှာ ရှိနေနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ဖုန်းခိုးမှုတွေဟာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ကြောင့် အမြတ်အစွန်းရနိုင်တဲ့ အလုပ်ဖြစ်နေပြီး အီးဘိုက်ခ် စက်ဘီးနဲ့ မြန်မြန်ဆန်ဆန် မောင်းနှင် ထွက်ပြေးနိုင်တာကြောင့် လုပ်ရိုးလုပ်စဉ် ပိုလွယ်ကူနေပြီးတော့ လန်ဒန်ဟာ တခြားကမ္ဘာ့မြို့ကြီးတွေလိုပဲ မကြာသေးတဲ့နှစ်တွေအတွင်းမှာ အခိုးခံရတဲ့ စက်ပစ္စည်းအရေအတွက်လည်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်တုန်းက လန်ဒန် ဟိသရိုးလေဆိပ်အနီးရှိ ဂိုထောင်တခုထဲမှာ ဟောင်ကောင်ကို တင်ပို့နေတဲ့ iPhone အလုံး ၁,၀၀၀ ဝန်းကျင် ပါဝင်တဲ့ သေတ္တာတခုကို ရှာဖွေတွေ့ရှိခဲ့ရာကနေ ဒီစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက် ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အဲဒီအဖွဲ့ဟာ နိုင်ငံရပ်ခြားမှာ သူတို့ရဲ့ အမြတ်အစွန်းရနိုင်မှုကြောင့် Apple ထုတ်ကုန်တွေကို အထူးပစ်မှတ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး Apple ဖုန်းတလုံးကို ပေါင် ၃၀၀ (ဒေါ်လာ ၄၀၀) အထိ ပေးပြီး တရုတ်မှာ ဒေါ်လာ ၅,၀၀၀ နဲ့ ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဖမ်းဆီးမှုတွေထဲမှာ ၁၁ မှုဟာ အရာရှိတွေက iPhone 17 အသစ်တွေကို သယ်ဆောင်ပေးပို့နေတဲ့ ဗင်ကားတွေကို လုယက်တဲ့ ဂိုဏ်းတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး လန်ဒန်မြောက်ပိုင်းက ဖုန်းဆိုင်တခုမှာ ပေါင် ၄၀,၀၀၀ နဲ့ ငွေသားကို တွေ့ရှိပြီးနောက်မှာ အသက် ၃၀ အရွယ် အမျိုးသား ၂ ယောက်ကို ငွေကြေးခဝါချမှု သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဖုန်းခိုးယူမှုတွေဟာ လုပ်ငန်းကြီးအဆင့် ပုံစံလို ဖြစ်ပွားနေပြီလို့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ပြောကြားလိုက်ပြီး Apple နဲ့ Samsung တို့လို ဖုန်းထုတ်လုပ်သူတွေကို ခိုးယူလုယက်ခံရတဲ့ ဖုန်းတွေကို အသုံးမပြုနိုင်ဖို့ တားဆီးနိုင်ရေး အကာအကွယ်တွေကို ချမှတ်စေနိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013