
ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အနော်ရထာလမ်းမပေါ်မှာ အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီလောက်က အထည်ချုပ်စက်ရုံ ကြိုပို့ကားနဲ့ ၂၂ ဘီးကားတို့ မတော်တဆတိုက်မိပြီး အလုပ်သမား ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီလောက်က ရခိုင်ရိုးကြီးကျေးရွာ အနော်ရထာလမ်းမပေါ်မှာ စက်ရုံကြိုပို့ကားက ၂၂ ဘီးကားကို ခါးလယ်ကနေ ဖြတ်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ထပ်မံတိုက်မိခဲ့လို့ အလုပ်သမားတွေ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
မြို့ခံတယောက်က “ဖယ်ရီကားက အနောက်ပိုင်းတက္ကသိုလ်ဘက်က မောင်းလားတဲ့ ၂၂ ဘီးကားကို ခါးလယ်ကနေ ဖြတ်တိုက်မိတာ။ အဲ့ကနေ အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ရှေ့က ပိတောက်ပင်ကို ထပ်တိုက်တာ။ အလုပ်သမားတွေ အတော်များများ ဒဏ်ရာရကုန်တာ၊ သေတဲ့သူတော့ မရှိဘူး” လို့ ပြောပါတယ်။
တိုက်တဲ့ယာဉ်ဟာ MEIER GLOBAL အထည်ချုပ်စက်ရုံက MITSUBISHI CANTER ကား အမျိုးအစားဖြစ်ပြီး အဆိုပါယာဥ်တိုက်မှုကြောင့် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက် ဒဏ်ရာရခဲ့လို့ လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။
“ဒဏ်ရာပြင်းထန်တဲ့သူက တယောက်ပဲရှိတယ်။ ကျန်တာက ထိပ်ပေါက်၊ ခေါင်းကွဲပဲ၊ အကုန်လုံး လှိုင်သာယာဆေးရုံ ပို့ရတယ်။ ယာဥ်မောင်းကို အရေးယူထားတယ်။”
အဆိုပါယာဥ်တိုက်မှုမှာ စက်ရုံကြိုပို့ယာဥ်မောင်း ကိုဝင်းချိုကို သောင်ကြီးနယ်မြေရဲစခန်းက အရေးယူထားပါတယ်။
စက်တင်ဘာ ၁၈ ရက်ကလည်း ရခိုင်ရိုးကြီးကျေးရွာ အနော်ရထားလမ်းမပေါ်မှာ စက်ရုံကြိုပို့ယာဥ်တစီးနဲ့ ကုန်တင်ကားတစီး တိုက်မိကာ အလုပ်သမား ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။