Home
မြန်မာသတင်း
လှိုင်သာယာ ရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲအတွက် အဆောင်လိုင်းခန်းများထံမှ ငွေကောက်ခံနေ 
DVB
·
October 3, 2025

ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ စစ်ကောင်စီ ဦးစီးကျင်းပတဲ့ ရပ်ကွက်ပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအတွက် လိုင်းခန်းနဲ့ အဆောင်ပိုင်ရှင်ဆီက ကျပ် တသိန်းကနေ တသိန်းခွဲအထိ အုပ်ချုပ်ရေးမှူးတွေက ကောက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ရပ်ကွက်ပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအတွက် စက်တင်ဘာလလယ်က စတင်ကာ လိုင်းခန်းနဲ့ အဆောင်ပိုင်ရှင်တွေဆီက အုပ်ချုပ်ရေးမှူးတွေက တသိန်းခွဲကောက်တာလို့ ၁ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“၁ ရပ်ကွက်က သူများရပ်ကွက်ထက် ထူးတယ်၊ တခြားရပ်ကွက်တွေက လိုင်းခန်းနဲ့ အဆောင်ပိုင်ရှင်တွေကို တသိန်းကောက်တယ်။ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းမြင့်က တသိန်းခွဲကောက်တယ်။ ၁ ရပ်ကွက်မှာ လိုင်းခန်းနဲ့ အဆောင် ရာနဲ့ချီတယ်၊ အကုန်ပေးရတာ။”

လမ်းပေါင်း ၆၆ လမ်းရှိတဲ့ ၁၅ ရပ်ကွက်မှာတော့ လိုင်းခန်းနဲ့ အဆောင် ၃၄၀ ရှိပြီး အုပ်ချုပ်ရေးမှူး ဦးအေးကြိုင်က အဆောင်တဆောင်ကို တသိန်းကောက်ပြီး လုပ်ငန်းရှင်တွေကို ၂ သိန်းကနေ ၃ သိန်းအထိ ကောက်တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“လိုင်းခန်းနဲ့ အဆောင်တွေက တသိန်းပေးရတယ်။ မပေးလို့မရဘူး။ မပေးရင် ဧည့်စာရင်းနဲ့ထည့်တာ။ လုပ်ငန်းရှင်တွေဆို ၂ သိန်းကနေ ၃ သိန်း ပေးရတယ်။ တိုင်လို့မရဘူး။ တိုင်ရင် အေးကြိုင်နဲ့ အဖွဲ့က အငြိုးထားပြီး စစ်မှုထမ်းထဲထည့်တာ။ အုပ်ချုပ်ရေးမှူးဖြစ်ဖို့ သိန်း ၃၀၀ ပေးထားရတော့ သူကုန်ထားတဲ့ပိုက်ဆံ သူပြန်ရှာသလိုဖြစ်တယ်။”

အဆိုပါဘောလုံးပြိုင်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နဲ့ ဗိုလ်မှူးကြည်သာဇော်တို့က ဦးစီးလုပ်တာဖြစ်ပြီး ၈ ရပ်ကွက်မှာလည်း လိုင်းခန်းနဲ့ အဆောင်တွေ တသိန်းကနေ နှစ်သိန်းကြား ပေးရတယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“၈ ရပ်ကွက်က အုပ်ချုပ်ရေးမှူး တင်နိုင်စိုးက ပိုဆိုးတယ်။ စစ်တပ်က ဗိုလ်မှူးပါခေါ်ပြီး ပိုက်ဆံကောက်တာ။ မနေ့က ၁ ရပ်ကွက်၊ ၁၅ ရပ်ကွက် ကန်တယ်။ ဗိုလ်မှူးနဲ့အဖွဲ့ လာကြည့်မှာဆိုပြီး လုပ်ငန်းရှင်တွေကို ပိုက်ဆံထပ်ခွဲလို့ ထည့်ရသေးတယ်။ ရပ်ကွက်တိုင်းလိုလို ကောက်နေတာ၊ နည်းတာ များတာပဲ ကွာတာ။ မရဘူးဆို ရပ်ကွက်တခုကို သိန်း ၄၀၀ ကနေ ၅၀၀ ကြားပဲ။”

မိုးရာသီ ချစ်ကြည်ရေးဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၃ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နဲ့ စီမံအဖွဲ့ဝင် ဗိုလ်မှူးကြည်သာဇော်တို့က ဦးစီးပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို အမှတ် ၆ ရပ်ကွက် အောင်မြေသာယာ အားကစားကွင်းမှာ ကျင်းပတာဖြစ်ပြီး ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅ စုမှ ဘောလုံးအသင်း ၁၆ အသင်းက ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် နယ်မြေအတွင်းမှာ စက်မှုဇုန် ၁ ကနေ စက်မှုဇုန် ၇ အထိ ပါဝင်တဲ့အတွက် လူနေလိုင်းခန်းနဲ့ အဆောင်ပေါင်း ၇,၀၀၀ နီးပါး ရှိတယ်လို့ မြို့နယ်ဒေသန္တရ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013