
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ကြေညာထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကို အောက်တိုဘာ ၆ ရက် ညပိုင်းမှာ PDF က မီးရှို့ ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ဆီကနေ သိရပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “မင်းလှမြို့နယ်ထဲမှာရှိတဲ့ ဆင်တဲကုန်းကျေးရွာအုပ်စု၊ ဆင်တဲကုန်းရွာမှာရှိတဲ့ လူငယ်အားမာန် စာကြည့်တိုက်ထဲမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို အဲဒီနေ့ ည ၁၁ နာရီခွဲအချိန်မှာ သွားရောက်မီးရှို့ရှင်းလင်းခဲ့ကြတာ” လို့ ပြောပါတယ်။
အဆိုပါ ဆင်တဲကုန်းကျေးရွာဟာ အာဏာသိမ်း စစ်တပ်ဘက်က စိုးမိုးနယ်မြေတခု ဖြစ်ပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲ့ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်က “စစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကို ပြသတဲ့အနေနဲ့ စာကြည့်တိုက် အဆောက်အအုံကို မပျက်စီးစေဘဲနဲ့ မဲစာရင်းတွေကပ်ထားတဲ့ ကြော်ငြာသင်ပုန်း ၅ ချပ်ကိုသာ မီးရှို့ဖျက်ဆီးခဲ့တာ” လို့ ပြောပါတယ်။
မီးရှို့ရှင်းလင်းခဲ့ပြီးနောက်နေ့ အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာတော့ အဆိုပါ လူငယ်အားမာန် စာကြည့်တိုက်ကို စစ်ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်တပ်ကပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြဘဲ ရရာနည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က တိုက်တွန်းထားပါတယ်။