Home
မြန်မာသတင်း
အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းကန့်ကွက်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တောင်းဆို
DVB
·
October 8, 2025
Photo: Permanent Mission of Myanmar to the United Nations

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ ရာဇဝတ်သားတွေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပဖို့ တရားဝင်မှုမရှိသလို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်အုပ်စုက ပြင်ဆင်နေတဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို တသံတည်း ဝိုင်းဝန်းကန့်ကွက်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလအစည်းအဝေးတခုမှာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲကို စီစဉ်ပြီး အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို ပိုမို ဖန်တီးနေကြောင်း၊ လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံ နေရာဒေသအများစုကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ အတုအယောင် ရွေးကောက်ပွဲဟာ အကြောက် တရားနဲ့ ဖိနှိပ် ချုပ်ခြယ်မှုအပေါ် အခြေခံသလို၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်လည်း မရှိဘဲ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အကျဉ်းကျခံနေရချိန်မှာ ကျင်းပမယ့် အနေအထားဖြစ်တယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အလိမ်အညာ၊ အတုအယောင် ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုမှာ မဟုတ်ဘဲ စစ်တပ်ကို ပြည်သူတွေအပေါ် လူမဆန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်စေနိုင်မယ့် လိုင်စင်ကို ပေးသလိုသာ ဖြစ်နေမယ်လို့လည်း ဦးကျော်မိုးထွန်းက သတိပေးပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ ပိုပြီး မကြုံရစေဖို့နဲ့ အရပ်သားဆုံးရှုံးမှုတွေ ကြိုတင် တားဆီးနိုင်ဖို့ နိုင်ငံတကာ တာဝန်ခံမှုနဲ့ ကာကွယ်မှုတို့ကို အရေးပေါ် လိုအပ်နေတယ်လို့လည်း ဆိုပြီး အာဆီယံတဖွဲ့တည်းအနေနဲ့ ဒီလိုကြီးလေးတဲ့ တာဝန်ကို ပုခုံးထမ်းနိုင်မှာ မဟုတ်သလို၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်အားကောင်းစေရမှာ ဖြစ်ကြောင်းလည်းဆိုပါတယ်။

တပြိုင်တည်းမှာပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြုသောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့ဆီကလည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေက အဓိကကျကြောင်း၊ အဲ့ဒီအတွက် နိုင်ငံတကာအနေနဲ့ ရရာနည်းလမ်းတွေကို အသုံးပြုပြီးတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ပေးဖို့နဲ့၊ အရပ်သားပြည်သူတွေရဲ့ အသက်ကို ကယ်တင်၊ ကာကွယ်ပေးဖို့ကိုလည်း သံအမတ်ကြီးက တောင်းဆိုခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013