
အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရက နိုင်ငံတည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
အာဖဂန်နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီယာခန်းမွတ်တာကီနဲ့ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ တွေ့ဆုံချိန် လာ့ဗရော့ဗ်က မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။
ရုရှားဟာ တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပြီး အာဖဂန်သံအမတ်သစ်တယောက် ခန့်အပ်မှုကို ရုရှားက ဇူလိုင်လမှာ လက်ခံခဲ့ပါတယ်။
ရုရှားအစိုးရရဲ့ အသိအမှတ်ပြုမှုဟာ နှစ်နိုင်ငံကြား ပူးတွဲစီမံကိန်းတွေအတွက် တံခါးဖွင့်ပေးထားတယ်လို့ မွတ်တာကီက ပြောခဲ့ပါတယ်။
ရုရှားဟာ တာလီဘန်တွေနဲ့ ဆက်ဆံရေးကို တဖြည်းဖြည်းချင်း တည်ဆောက်လာခဲ့ပြီး အခုအခါ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ မဟာမိတ်ဖြစ်နေပြီလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်ဟာ ရုရှားနိုင်ငံဆီကနေ ဓာတ်ငွေ့၊ ရေနံနဲ့ ဂျုံကို တင်သွင်းခဲ့ပါတယ်။
တာလီဘန်အဖွဲ့ကို အကြမ်းဖက်လှုပ်ရှားတဲ့ အဖွဲ့အဖြစ် ၂၀၀၃ ခုနှစ်မှာ ရုရှားက ဥပဒေနဲ့ တားမြစ်ပိတ်ပင်ခဲ့ပေမဲ့ အခုနှစ် ဧပြီလမှာ တားမြစ်ချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
အာဖဂန်နစ္စတန်ကနေ အရှေ့အလယ်ပိုင်းအထိ နိုင်ငံအများအပြားမှာ အခြေစိုက်တဲ့ အစ္စလမ္မစ် စစ်သွေးကြွအုပ်စုတွေရဲ့ လုံခြုံရေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရာမှာ အာဖဂန်အစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရုရှားက ရှုမြင်ထားပါတယ်။
Source: Reuters




