
အာဆင်နယ်အသင်းဟာ အိမ်ကွင်း အမ်းမရိတ်ကို တိုးချဲ့မှု ပြုလုပ်နေချိန်မှာ ဝင်ဘလေကွင်းကို ငှားရမ်း အသုံးပြုနိုင်ဖို့ ဆွေးနွေးနေပါတယ်။
အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ဟိုက်ဘူရီကနေ အမ်းမရိတ်ကွင်းဆီ ပြောင်းရွှေ့မှု နှစ် ၂၀ ပြည့်မြောက်မှာဖြစ်ပြီး ပရိသတ်ဝင်ဆံ့ဦးရေ ထောင်ချီပြီး တိုးချဲ့ဖို့ အာဆင်နယ်က စီစဉ်ထားတာပါ။
အသေးစိတ်မသိရသေးပေမဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပရိသတ်ဦးရေ ၆၀,၇၀၄ ကနေ ၇၀,၀၀၀ အထိ ဝင်ဆံ့ဖို့ အာဆင်နယ်က စီစဉ်ထားတယ်လို့ သိရပါတယ်။
ဝင်ဘလေကွင်းဟာ အင်္ဂလန်အက်ဖ်အေက ပိုင်ဆိုင်တဲ့ကွင်းဖြစ်ပြီး ကွင်းဟောင်းအဖြစ်ရှိစဉ် ၁၉၉၈-၉၉ နဲ့ ၁၉၉၉-၂၀၀၀ ရာသီတွေမှာ အာဆင်နယ်အသင်းက ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွေ လက်ခံ ကျင်းပခဲ့ဖူးပါတယ်။
အလားတူ ပြိုင်ဘက် စပါးအသင်းဟာလည်း သူတို့အိမ်ကွင်း ပြုပြင်နေချိန်မှာ ဝင်ဘလေကွင်းကို ငှားရမ်းပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေကို ၂ ရာသီနီးပါးလောက် လက်ခံကျင်းပခဲ့ဖူးပါတယ်။