Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း လူငယ် ၄ ပုံ ၁ ပုံ အလုပ်လက်မဲ့ဖြစ်နေ 
DVB
·
October 8, 2025

မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ ၄ ပုံ ၁ ပုံက အလုပ်လက်မဲ့ဖြစ်နေပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်အကိုင်ဈေးကွက်မှာ ဖယ်ကြဉ်ခံထားရကာ အမျိုးသမီး ၃ ပုံ ၁ ပုံက အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်။

ဒီလိုအမျိုးသမီးတွေရဲ့ အလုပ်လက်မဲ့နှုန်းက အမျိုးသားတွေထက် ၂ ဆကျော် ပိုများနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ “အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ် - အစီရင်ခံစာ ၂)”   မြန်မာ့လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခြေအနေ အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်အုပ်စုထဲ ပါဝင်သူဦးရေဟာ လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းရှိပြီး ခန့်မှန်းခြေ သန်း ၂၀ နီးပါးရှိနေတာကြောင့် အသက် ၁၅ ကနေ ၃၅ အတွင်း လူငယ် ၅ သန်းနီးပါးဟာ အလုပ်လက်မဲ့ ဖြစ်နေတာပါ။ 

အလုပ်ရှာဖွေနေတဲ့ မြန်မာလူငယ်တယောက်က “ဒီကာလတွေမှာ အလုပ်ရှာနေတဲ့လူတွေက များတော့လေ၊ အလုပ်တွေကတော့ ခေါ်ပါတယ်။ ဒါပေမဲ့ လျှောက်တဲ့သူတွေက အရမ်းများနေတော့ လူပြည့်သွားပြီးတော့ လူရသွားပြီက များနေတယ်။ ပြီးတော့ လုပ်ခ လစာတွေကလည်း နည်းတယ်ပေါ့။ လစာတွေလည်း မတိုးကြဘူး။ ကုန်ဈေးနှုန်းတွေကပဲ မြင့်လာတယ်ဆိုတော့ အဲဒီပြဿနာတွေကလည်း ရှိတယ်။ ကုန်ဈေးနှုန်းတွေကမြင့်၊ အလုပ်မရှိတာကြောင့် အကြွေးတွေနဲ့ ပတ်နေတာ အလုပ်မရှိတဲ့သူဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ သေချာတာတခုကတော့ ဒီခတ်ဒီကာလကြီးနဲ့ ကုန်ဈေးနှုန်းတွေနဲ့ ဒီအခြေအနေနဲ့ စက်ရုံဆင်းနေတဲ့ အမျိုးသမီးတွေဆိုလည်း ပိုဆိုးမှာပေါ့ သူတို့ဆို နဂိုကတည်းက လုပ်ခလစာ နည်းနည်းနဲ့ဆိုတော့လေ" လို့ ပြောပါတယ်

အသက် ၁၅ ကနေ ၃၅ နှစ်ထိ လူငယ်တွေက ပညာရေးနဲ့ အလုပ်အကိုင်အတွက် မကြုံစဖူး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး ကိုယ်ပိုင်စွမ်းရည်တွေကို အကောင်အထည်မဖော်နိုင်ပဲ ခြေလှမ်းတွေ ရပ်တန့်ခံထားရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်၊

ဒီထဲမှာမှ လူငယ်အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ရရှိမှုနှုန်းတွေ ဝင်ငွေရရှိမှုနှုန်းတွေက အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် လျော့ကျနေတာကို တွေ့ရှိရကြောင်း အစီရင်ခံစာအရ သိရပါတယ်၊

ပျမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ့ ဝင်ငွေက အမျိုးသားတွေထက် ၂၂ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကိုလည်း သိရပါတယ်။

ရန်ကုန်မြို့က ဝင်ငွေနည်းပါးတဲ့ အမျိုးသမီးတွေကတော့ တလစာ ဝင်ငွေနဲ့ အသုံးစရိတ်တွေ မနည်းကာမိအောင် အသုံးချနေရပြီး ရွေးစရာမရှိတဲ့အကြောင်းပြောပြပါတယ်။

အမျိုးသမီးတယောက်က “အရင်ကနဲ့ယှဉ်ရင် အခုကပိုခက်ခဲတာပေါ့။ အရင်ကဆို ကိုယ့်ပြည်တွင်းမှာတင် အလုပ်အကိုင်က ပေါတော့ ရွေးချယ်စရာများတယ်လေ။ ပြည်ပကိုလည်းအကြောင်းအမျိုးမျိုးကြောင့် မထွက်နိုင် သေးတော့ ရှိတဲ့အလုပ်ကိုပဲအဆင်ပြေအောင် ဆက်လုပ်နေရတယ်။ မဖြစ်မနေအခြေအနေအရ ရွေးချယ်စရာမရှိလို့ သာလုပ်နေရတာ ရတဲ့လစာကအတော်နည်းတယ်။ ၃ သိန်းခွဲ ၄ သိန်းပဲဆိုတော့ အခုကုန်ဈေးနှုန်းနဲ့ဆို ဘယ်လိုမှအဆင်မပြေဘူး။ ပြီးတော့ အိမ်ကလည်း အပိုင်မဟုတ်တော့ အိမ်စရိတ်၊ စားစရိတ်နဲ့ဆို ရတဲ့လစာက ဘယ်လိုမှ လောက်ငမှုမရှိပါဘူး။ အစစအရာရာ ဈေးတွေက တက်နေတာ။ တပတ်စာ ဈေးဝယ်ရင်တောင် ၁ သိန်း ၊ ၁သိန်းကျော်ကုန်တဲ့ အခြေအနေမှာ ခုလိုလစာက ၄ သိန်းဝန်းကျင်ဆိုတော့ အခက်အခဲကတော့ ပြောမပြတတ်အောင်ပါပဲ။ ဒါပေမဲ့လည်း ရွေးချယ်စရာမရှိတာမို့ ဒီမဖြစ်စလောက်လစာနဲ့ပဲ ဆက်လုပ်နေရတာပေါ့”လို့ ပြောပါတယ်။

အစီရင်ခံစာထဲမှာတော့ အလုပ်လက်မဲ့လူငယ်အမျိုးသမီး သုံးပုံ ၂ ပုံနီးပါးက မိသားစု စောင့်ရှောက်ရေး အိမ်တွင်းတာဝန်တွေကို ယူထားရပြီး ပညာဆက်လက်သင်ကြားနိုင်မှုနှုန်းကလည်း ၂၅ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။

အထက်တန်းပညာပြီးဆုံးထားသူ အမျိုးသမီး ၄၀ ရာခိုင်နှုန်းက အလုပ်မရှိနေသလို အတန်းပညာနည်းပါးသူ‌ အမျိုးသမီး ၂၇ ရာခိုင်နှုန်းမှာလည်း အလုပ်မရှိနေကြောင်း သိရပါတယ်။

UNDP ကတော့ ဒီအခြေအနေကို “အလုပ်အကိုင်ဈေးကွက်သည် ပညာတတ်လူငယ်များ၊ အထူးသဖြင့် အမျိုးသမီးများကို အဓိပ္ပာယ်ရှိသော တည်ငြိမ်သောအလုပ်များ မဖန်တီးပေးနိုင်သည်ကို မီးမောင်းထိုးပြနေသည်” လို့ မှတ်ချက်ပြုထားပါတယ်

NEET လို့ ခေါ်တဲ့ Not in Employment,  Education,  or training အလုပ်လုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်းနဲ့ သင်တန်းတခုခု တက်ရောက်နေခြင်းတွေမှာ ရှိမနေခြင်းဆိုတဲ့ အခြေအနေက မြန်မာနိုင်ငံတွင်းက လူငယ် ၁၇ ရာခိုင်နှုန်းမှာ ဖြစ်ပေါ်နေပြီး အမျိုးသမီးတွေက အမျိုးသားတွေထက် ၃ ဆ ကျော်ပိုများနေတယ်လို့ UNDP က ဖော်ပြထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013