Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နှင့် လူငယ်များ၏ ဖက်ဒရယ်ဒီမိုကရေစီ အိပ်မက်
DVB
·
September 15, 2025

ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဖြစ်ပါတယ်။

အခုလို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ မြန်မာပြည်က တိုင်းရင်းသား လူငယ်တွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ မျှော်မှန်းချက်နဲ့ အိပ်မက်တွေ ဘယ်လိုရှိနေပါသလဲ။  

၂၀၀၇ ခုနှစ်က စပြီး စက်တင်ဘာ ၁၅ ရက်ကို အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အဖြစ် ဒီမိုကရေစီရဲ့ အခြေခံမူတွေကို မြှင့်တင်ဖို့နဲ့ ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး သတ်မှတ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာတော့ အခု စက်တင်ဘာ ၁၅ ရက်ဆိုရင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရထံကနေ စစ်တပ်က အကြမ်းဖက် အာဏာသိမ်းခဲ့တာ ၄ နှစ် ကျော်သွားခဲ့ပြီ ဖြစ်သလို မြန်မာပြည်သူတရပ်လုံး လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်မှာတော့ ပြည်သူလူထုဟာ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို လိုလားတောင့်တနေကြတာလည်း ဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဆိုတာကတော့ ဗဟိုအစိုးရ ချုပ်ကိုင်မှုစနစ် မဟုတ်ဘဲ အာဏာခွဲဝေတဲ့စနစ်၊ ပြည်နယ်၊ တိုင်း ဖက်ဒရယ်ယူနစ်တွေနဲ့ အုပ်ချုပ်ရေးအာဏာ ခွဲဝေကျင့်သုံးတဲ့ စနစ်လည်း ဖြစ်ပါတယ်။

ကရင်နီအမျိုးသမီးငယ်တစ်ယောက်ဖြစ်တဲ့ ကနန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်ကတည်းက ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေကို တန်းတူ အခွင့်အရေးပေးမယ်၊ ဖက်ဒရယ်ဒီမိုကရေစီကို တည်ထောင်မယ်ဆိုတာ ပြောခဲ့ပေမဲ့ အဲဒီခေတ်အခါကစလို့ လက်ရှိအချိန်ထိ အာဏာသိမ်းမှုတွေ အခါခါ ဖြစ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ မဆိုထားနဲ့ ဒီမိုကရေစီအရသာလေးကိုတောင် မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။

ကရင်နီ လူငယ်တဦးဖြစ်တဲ့ ကနန်းက “ဒီ ၄ နှစ်တာကာလမှာ ဆုံးရှုံးမှုတွေ အရမ်းများလာတဲ့အခါမှာ လူငယ်တွေအနေနဲ့ အိုးအိမ်တွေ၊ အသက်ပေါင်းများစွာ ပေးခဲ့ရတဲ့အခါမှာ၊ ကြာရှည်လာတဲ့အခါမှာ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီရရှိဖို့အတွက် ဆိုရင် ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုတွေ အများကြီး လိုအပ်တယ်ပေါ့နော်။ ကျမတို့ လူငယ်တွေအနေနဲ့က ဒီအာဏာကို အမြစ်ပြတ် ချေမှုန်းချင်ပြီ၊ ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ ဗဟိုကနေ အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲနဲ့ ပြည်သူလူထုကနေ အုပ်ချုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ရရှိဖို့အတွက် ကြိုးစားရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်တယ်။ ဒီအခြေအနေ လှုပ်ရှားမှုက အများကြီး တိုးတက်လာပြီ၊ လမ်းခရီးတဝက်လည်း ရောက်လာပြီ၊ ကျမတို့ လက်တကမ်းမှာပဲ ရှိနေတဲ့ အောင်မြင်မှုကို ကျမတို့ လူငယ်တွေနဲ့ အတူတကွ ပူးပေါင်းပါဝင်ပြီးတော့ မြန်မာ့အရေးကို ဆက်လက် အကောင်အထည်ဖော်သွားပြီးတော့ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိအောင် ကျမတို့ အတူတကွ လက်တွဲ ပူးပေါင်း ပါဝင်ကြပါစို့”လို့ ပြောပါတယ်။

မန္တလေးဒေသ နိုင်ငံရေးစင်္ကြံဖြစ်မြောက်ရေးအဖွဲ့ (OFMPP) က ကိုဇင်ကတော့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကတော့ လှိုက်လှိုက်လှဲလှဲ ပါဝင်ဆင်နွှဲသင့်တဲ့ နေ့ထူးနေ့မြတ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပြန်လည်ဖွဲ့စည်း တည်ဆောက်ကြဖို့ အားလုံးမှာ ဘုံသဘောတူညီချက်တွေ ရှိကြပြီး ဒါတွေကို အပြန်အလှန် တန်ဖိုးထားကြပြီးတော့ အပြန်အလှန် ညှိနှိုင်းတိုင်ပင်ပြီး တည်ထောင်ဖွဲ့စည်းရမှာ ဖြစ်တယ်လို့လည်း သူကဆိုပြီး ဒီမိုကရေစီနေ့အတွက် သတင်းစကားကိုလည်း မျှဝေခဲ့ပါတယ်။

ကိုဇင်က “ဒီမိုကရေစီနေ့မှာ စစ်မှန်ပြည့်ဝတဲ့၊ နောက်ပြီးတော့ ဒီမိုကရေစီစနစ်ကို စစ်စစ်မှန်မှန် ကျင့်သုံးနေတဲ့ နိုင်ငံတခုမှာ၊ လူ့အဝန်းအဝိုင်းတခုမှာ ကျနော်တို့ မြန်မာလူငယ်တွေလည်း ရှင်သန်ကြီးထွားခွင့် ရချင်ပါတယ်။ ဒီအတွက်လည်း မျှော်လည်း မျှော်လင့်သလို၊ ရုန်းလည်း ရုန်းကန်မှုတွေမှာလည်း ကျနော်တို့ အခန်းကဏ္ဍတွေမှာ ကြီးကြီးမားမား လူငယ်ထုတွေ ပါဝင်ပြီး လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။”

လက်ရှိအချိန်မှာ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် မျှော်မှန်းချက်တွေကိုတော့ ကရင်နီ လူငယ်တယောက်ဖြစ်တဲ့  နော်ဆာမူးခိုက ပြောပြပါတယ်။

“အဓိကကတော့ တန်းတူညီတူ ရရှိရေးပဲ၊ လူနည်းစုတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေး အကုန်လုံး တန်းတူညီတူရရှိရမယ်ဆိုတဲ့ အချက်ကတော့ အဓိက အချက် ဖြစ်မယ်နဲ့တူတယ်။ နောက်တခုကတော့ ဖက်ဒရယ်ဒီမိုကရေစီသာ ရရှိမယ်ဆိုရင် လူနည်းစုတွေရဲ့ အခွင့်အရေးတွေက ပိုမိုရရှိလာပြီးတော့ လူနည်းစုတွေရဲ့ အသံတွေ ပိုမိုပါဝင်လာနိုင်မယ်လို့လည်း မျှော်လင့်တယ်ပေါ့နော်။ ပြီးတော့ ပြည်နယ်တွေရဲ့ ဒေသန္တရဲ့ အစိုးရတွေလည်း ပိုမိုအားကောင်းလာပြီး ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကလည်း ပြည်နယ်တွေမှာရှိတဲ့ ပြည်သူလူထုတွေဆီမှာ ပိုမို ရှိမယ်လို့လည်း မျှော်လင့်တယ်။ အဲ့ဒီဟာ ပိုမိုအားကောင်းလာမယ်လို့ ထင်ပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်ကလည်း ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် သတင်းစကားမျှဝေထားပြီး ဒီမိုကရေစီဆိုတာ လူတိုင်းရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အထူးသဖြင့် အားနည်းချက်ရှိသူတွေအတွက် ထိန်းသိမ်းစောင့်ရှောက်မှသာ ခိုင်မာစေမှာ ဖြစ်သလို ဖယ်ကြဉ်ထားတဲ့ ဒီမိုကရေစီဟာ တကယ့်ဒီမိုကရေစီ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီ ဆိုတာ လူတိုင်းရဲ့ အသံနဲ့ အခွင့်အရေးကို ထိန်းသိမ်းကာ ငြိမ်းချမ်းရေးအတွက် အင်အားစုတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013