Home
နိုင်ငံတကာ
ကလေး ၁၅ သန်း Vape သောက်သုံးနေဟု WHO သတိပေး
DVB
·
October 7, 2025
Photo: Reuters

ကလေး ၁၅ သန်း အပါအဝင် လူ သန်း ၁၀၀ ကျော်ဟာ နီကိုတင်းဓာတ်နဲ့ တခြားအရသာပါဝင်တဲ့ အငွေ့ကို ရှူရှိုက်တဲ့ကိရိယာ Vape သောက်သုံးနေကြပြီး နီကိုတင်းစွဲလမ်းမှုလှိုင်းသစ် ပေါ်ပေါက်လာတာဟာ စိုးရိမ်စရာကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။

ပျမ်းမျှအားဖြင့် ကလေးတွေဟာ လူကြီးတွေထက် Vape သောက်သုံးနိုင်ခြေ ၉ ဆ ပိုမြင့်မားတယ်လို့ ကမ္ဘာတဝန်း ကောက်ယူထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ WHO က ထုတ်ပြန်ပါတယ်။

WHO ညွှန်ကြားရေးမှူးတယောက်ဖြစ်သူ ဒေါက်တာ အက်တီယန်ခရုဂ်က “သူတို့တွေက ဘေးဖြစ်တာ လျော့ပါးစေတယ်ဆိုပြီး စျေးကွက်တင်ကြပေမဲ့ တကယ်တမ်းမှာ ကလေးတွေ စောစောစီးစီး နီကိုတင်း စွဲလမ်းအောင် လုပ်ပြီးတော့ ဆယ်စုနှစ်များစွာ တိုးတက်ခဲ့မှုကို ထိခိုက်စေပါတယ်” လို့ သုံးသပ်ပါတယ်။

ကမ္ဘာတဝန်း ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ဖို့ အားထုတ်ခဲ့တာကြောင့် လူသန်းနဲ့ချီပြီး ဆေးလိပ်ဖြတ်လိုက်တာ၊ မသောက်တာမျိုးတွေ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဆေးလိပ်လုပ်ငန်းတွေက နီကိုတင်းထုတ်ကုန်သစ်တွေနဲ့ လူငယ်တွေကို အသည်းအသန် ပစ်မှတ်ထားလာကြတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအက်ဒနွန်ဂက်ဘရေးယို့စ်က သုံးသပ်ပါတယ်။ 

ဒါကြောင့် အစိုးရတွေအနေနဲ့ ထိရောက်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်တဲ့ မူဝါဒတွေ မြန်မြန်နဲ့ အားကောင်းကောင်းချမှတ်ဖို့ လိုတယ်လို့လည်း သုံးသပ်ထားပါတယ်။

အစီရင်ခံစာကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအပေါ် အခြေခံ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသူ အနည်းဆုံး ၈၆ သန်း၊ ၁၃ နှစ်နဲ့ ၁၅ နှစ်ကြား ဆယ်ကျော်သက် အနည်းဆုံး ၁၅ သန်း vape သောက်သုံးတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ အာဖရိကနဲ့ အရှေ့တောင်အာရှနိုင်ငံ အများအပြားက အချက်အလက်မရရှိဘဲ တွက်ထားတာ ဖြစ်ပါတယ်။

နိုင်ငံအများအပြားမှာ ကလေးတွေ Vape သောက်တာ ကန့်သတ်ဖို့ လုပ်လာကြပေမဲ့ ၂၀၂၄ ခုနှစ်အကုန်အထိ နိုင်ငံ ၆၂ နိုင်ငံမှာ Vape နဲ့ပတ်သက်တဲ့ မူဝါဒမရှိသလို ၇၄ နိုင်ငံမှာ e-cigarette ဝယ်ယူဖို့ အနိမ့်ဆုံး အသက်ကန့်သတ်ချက် မရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

တဖက်မှာတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူ အရေအတွက် ကျဆင်းလာပြီး ၂၀၀၀ ပြည့်နှစ်တုန်းက လူ သန်း ၁,၃၈၀ ရှိခဲ့ရာကနေ ၂၀၂၄ မှာ သန်း ၁,၂၀၀ ပဲ ရှိတော့တယ်လို့ သိရပါတယ်။

ဒါကြောင့် ကမ္ဘာမှာ အရွယ်ရောက်ပြီးသူ ၅ ယောက်မှာ တယောက်ဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲနေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013