
အစ္စရေးစစ်တပ်ဟာ ဂါဇာစီးတီး ဒေအယ်လ်-ဘားလားမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဝန်ထမ်းအိမ်ရာနဲ့ ပင်မဂိုထောင်ကို ဇူလိုင် ၂၁ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် ဂါဇာထဲမှာ သူတို့လုပ်ငန်းတွေကို ထိခိုက်စေခဲ့တယ်လို့ WHO က သတင်းထုတ်ပြန်ထားပါတယ်။
WHO ဝန်ထမ်းအိမ်ရာကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ပျက်စီးဆုံးရှုံးမှုတွေ ကြီးကြီးမားမား ကြုံရတဲ့အပြင် ဝန်ထမ်းတွေနဲ့ ကလေးငယ်တွေ အပါအဝင် သူတို့ရဲ့မိသားစုတွေကို အန္တရာယ်ကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂအေဂျင်စီက ပြောပါတယ်။
တနင်္လာနေ့က အစ္စရေးတင့်ကားတွေဟာ ဒေ အယ်လ်-ဘားလားမြို့ရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်း ခရိုင်တွေထဲကို ပထမဆုံးအကြိမ် အတင်းဝင်လာခဲ့ပြီး အဲဒီနေရာတွေမှာ ဓားစာခံတွေကို ချုပ်နှောင်ထားနိုင်တဲ့ နေရာတွေလို့ စစ်တပ်က ယူဆထားတာဖြစ်ကြောင်း အစ္စရေး သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။
အဲဒီဒေသမှာ တင့်ကားက အမြောက်ပစ်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ ဗလီတွေကို ထိမှန်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၃ ယောက် သေဆုံးကာ တခြားသူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ဆေးမှူးတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ တိုက်ပွဲတွေဖြစ်နေချိန်မှာတောင် အမျိုးသမီးတွေနဲ့ ကလေးတွေကို အယ်လ်-မာဝါစီဆီ ခြေလျင်လျှောက်ပြီး ဘေးလွတ်ရာကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတယ်၊ အမျိုးသားဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို လက်ထိပ်ခတ်၊ အဝတ်အစားတွေ ချွတ်ခိုင်းခဲ့ကာ သေနတ်နဲ့ချိန်ပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်လို့ WHO က ပြောကြားခဲ့ပါတယ်။
WHO ဝန်ထမ်း ၂ ယောက်နဲ့ မိသားစုဝင် ၂ ယောက်ကို ထိန်းသိမ်းထားကြောင်း လူမှုကွန်ရက် X ပို့စ်မှာ ဖော်ပြထားပြီး နောက်ပိုင်းမှာ ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဝန်ထမ်းတယောက်ကို ဖမ်းထားတယ်လို့ ဆိုပါတယ်။
ထိန်းသိမ်းထားတဲ့ ဝန်ထမ်းကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ဝန်ထမ်းအားလုံးကို အကာအကွယ်ပေးဖို့ WHO က တောင်းဆိုပါတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒါနွန် ဂေဘရီယေးဆပ်စ်က ပြောကြားခဲ့ပါတယ်။
ဒေ အယ်လ်-ဘားလားမြို့ဟာ ဂါဇာမှာ ၂၁ လကျော်ကြာ စစ်ပွဲအတွင်း စစ်ဘေးရှောင် ပါလက်စတိုင်းတွေနဲ့ ပြည့်ကျပ်နေပြီး အစ္စရေးဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ အခြေခံ အဆောက်အအုံနဲ့ စွမ်းရည်တွေကို ဖျက်ဆီးရမှာဖြစ်လို့ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြီးနောက်မှာ ရာနဲ့ချီတဲ့လူတွေဟာ အနောက်ဘက် သို့မဟုတ် တောင်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
ဘေးလွတ်ရာ ရွှေ့ပြောင်းရေးဇုန်အတွင်းမှာ တည်ရှိတဲ့ WHO ရဲ့ အဓိကဂိုထောင်ဟာ တနင်္ဂနွေနေ့မှာ ပေါက်ကွဲမှုတွေနဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပျက်စီးသွားခဲ့ကြောင်း WHO က ပြောကြားခဲ့ပါတယ်။
WHO ဟာ ဒေ အယ်လ်-ဘားလားမှာ ဆက်ရှိနေမှာဖြစ်ပြီး တိုက်ခိုက်မှုတွေ ရှိနေပေမဲ့လည်း သူ့ရဲ့လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ WHO က ပြောပါတယ်။
Source: Reuters