Home
နိုင်ငံရေး
ဂါဇာမြောက်ပိုင်းတွင် ရိက္ခာစောင့်လူအုပ်ကြီးကို အစ္စရေးပစ်ခတ်သဖြင့် ၆၇ ဦး သေဆုံး
DVB
·
July 21, 2025
Photo: REUTERS/Dawoud Abu Alkas

ဂါဇာမြောက်ပိုင်းမှာ ကုလသမဂ္ဂ ရိက္ခာကုန်ကားကြီးတွေကို စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို အစ္စရေးတပ်က ပစ်ခတ်လို့ ၆၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ကုန်ကား ၂၅ စီးပါ ယာဉ်တန်းဟာ  အစ္စရေးကနေ ဂါဇာကို အဝင် စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်အပြီး မကြာမီမှာ “ပစ်ခတ်မှုခံနေရတဲ့ ဆာလောင်နေတဲ့ အရပ်သားလူအုပ်ကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်” လို့ ထုတ်ပြန်ပါတယ်။

အကူအညီရှာဖွေနေတဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တာဟာ “လုံးဝ လက်ခံနိုင်စရာမရှိဘူး” လို့လည်း WFP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစ္စရေးစစ်တပ် IDF ကတော့ လက်ငင်းကြုံနေရတဲ့ အန္တရာယ်ကို ဖယ်ရှားဖို့ သတိပေး ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက်ကို အငြင်းပွားနေပါတယ်။

ဂါဇာမှာ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုပြဿနာ မြင့်တက်လာပြီးတော့ ၂၄ နာရီအတွင်းမှာ အငတ်ဘေးကြောင့် သေဆုံးမှု ၁၈ ခုအထိ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

တနင်္ဂနွေတနေ့တည်းတင် ဂါဇာတခွင် သေဆုံးသူ ၉၃ ယောက် ရှိခဲ့ပြီး ၈၀ က ဂါဇာမြောက်ပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဂါဇာတောင်ပိုင်းမှာတော့ ရာဖာမြို့နားက ရိက္ခာဝေတဲ့နေရာနားမှာ ၉ ယောက် အသတ်ခံခဲ့ရပြီး ခန်ယူနစ်မြို့နားက ရိက္ခာဝေတဲ့နေရာမှာတော့ ၄ ယောက် အသတ်ခံခဲ့ရတယ်လို့ ဂါဇာ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ နေရာအများအပြားဟာ အမေရိကန်နဲ့ အစ္စရေး နောက်ခံနဲ့ ထူထောင်ထားတဲ့ အငြင်းပွားစရာ ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) က ကွပ်ကဲတဲ့ ရိက္ခာစခန်းတွေနားမှာ ဖြစ်ပွားတာဖြစ်ပါတယ်။

GHF ဟာ အစ္စရေး စစ်ဇုန်တွေထဲမှာ စခန်းဖွင့်ပြီးတော့ စားနပ်ရိက္ခာဝေဖို့ ပုဂ္ဂလိက လုံခြုံရေး ကန်ထရိုက်ဝန်ထမ်းတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။

တချို့ဖြစ်စဉ်တွေကတော့ ကုလသမဂ္ဂက အကူအညီတွေသယ်လာတဲ့ နေရာတွေအနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဂါဇာစီးတီး ဒေသခံတယောက်ကတော့ ဂျုံတအိတ်ရဖို့ လူအုပ်ကြီး ပြုံတိုးရင်းနဲ့ ပစ်ခတ်ခံခဲ့ရတဲ့အကြောင်း AFP သတင်းဌာနကို ပြန်ပြောပြပါတယ်။

ဒေသခံ ကာဆမ်အဘူကာတာက “တင့်ကားတွေဟာ အမြောက်ဆန်တွေကို ကျပန်း ပစ်ခတ်ခဲ့ပြီးတော့ စနိုက်ပါကိုင်တဲ့ စစ်သားတွေဟာလည်း တောထဲမှာ အမဲလိုက်သလို ပစ်ခတ်ခဲ့ကြတယ်” လို့ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013