Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လှည့်ကင်းကားပစ်ခံရပြီး ရဲ ၂ ဦးသေ
DVB
·
July 21, 2025

မကြာခဏ တိုက်ခိုက်ခံနေရတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ မှာ ဇူလိုင် ၂၀ ရက် မနက် ၇ နာရီခွဲက လှည့်ကင်းကားတစီး ပစ်ခတ်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးကာ သေနတ်တွေ ပါသွားတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မနေ့မနက် ၇ နာရီခွဲက နွားထိုးကြီးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ နဲ့ ၃၁၉ ကြားမှာ လှည့်ကင်းလှည့်နေတဲ့ ရဲကားတစီး ပစ်ခတ်ခံရပြီး ရဲ ၂ ယောက် သေဆုံးကာ လက်နက်တွေ ပါသွားတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ လူကြီးလမ်းကြောင်းရှိတယ်ဆိုလို့ ရှေ့ပြေးယာဥ်အနေနဲ့ သွားတဲ့ရဲကား အပစ်ခံရတာ၊ ရဲ ၂ ယောက် သေတယ်၊ သေနတ်တွေ ပါသွားတယ်၊ အဲဒီဖြစ်စဥ်ဖြစ်ပြီးမှ စစ်ကြောင်းကားတွေ ရောက်လာတာ၊ မိုင်တိုင်အမှတ် ၃၁၈ တို့ ၃၁၉ မှာ ဖြစ်လိုက်တိုင်း သေလိုက်တဲ့ရဲတွေ၊ စစ်သားတွေ မနည်းဘူး။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ ရဲတွေဟာ မိုင်တိုင်အမှတ် ၃၁၈၊ ၃၁၉ နဲ့ ၃၂၀ အထိ ပိတ်ဆို့ကာ အိမ်စီးကားတွေ၊ ခရီးသည်တင်ယာဥ်နဲ့ ကုန်ကားတွေကို စစ်ဆေးခဲ့တယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“ကားတွေကို စစ်တာ လုံခြုံရေးကြောင့် မဟုတ်ဘူး၊ ပိုက်ဆံလိုချင်လို့ စစ်တာ၊ မနက်ကနေ ညနေအထိ စစ်တာ၊ သူတို့လိုချင်တဲ့ ငွေပမာဏ ပြည့်ပြီဆိုမှ လမ်းပြန်ဖွင့်ပေးတာ၊ အဲဒါကြောင့် အမြန်လမ်းမှာ ပစ်ခတ်မှုဖြစ်လိုက်တိုင်း ရဲတွေ သေတာ။”

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ အမှတ် ၁၀ တပ်ရင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ရဲ ၂ ယောက်သေဆုံးကာ BA-94 ၂ လက်၊ ကျည်ဘောက် ၅ ဘောက်၊ 9mm ကျည် ၁၂၃ တောင့်၊ 7.62 ကျည် ၁၂၇ တောင့် သိမ်းဆည်းရမိကြောင်း NPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက် မနက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ လှည့်ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဥ်တန်းတွေ ပစ်ခတ်ခံရပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

အလားတူ ၂၀၂၄ ခု ဒီဇင်ဘာ ၂၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၈ နဲ့ ၃၁၉ အနီးတဝိုက်က ရဲကင်းစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက တိုက်ခိုက်ခဲ့တာလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013