Home
ကျန်းမာရေး
HIV ကူးစက်မှုကာကွယ်ရန် Lenacapavir ထိုးဆေး WHO ထောက်ခံချက်ပေး
DVB
·
July 15, 2025
Photo: REUTERS/Mike Blake/File Photo

HIV ကူးစက်မှုကာကွယ်ဖို့ နည်းလမ်းတခုအဖြစ် Gilead ကုမ္ပဏီရဲ့ Lenacapavir အမည်ရ  တနှစ် ၂ ကြိမ် ထိုးဆေးကို ထောက်ခံချက်ပေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

HIV ပိုး ကူးစက်နိုင်ခြေမြင့်မားသူတွေအနေနဲ့ Yeztugo အမည်နဲ့ ဖြန့်ဖြူးတဲ့ Lenacapavir ထိုးဆေးကို သုံးစွဲဖို့ ထောက်ခံချက်ပေးတာ ဖြစ်ပါတယ်။

ရဝမ်ဒါနိုင်ငံမှာ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ AIDS ကွန်ဖရင့်စ်မှာ အခုလို ထောက်ခံချက် ထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ကျန်းမာရေးအာဏာပိုင်တွေက ဒီဆေးကို အတည်ပြုပြီး တလအကြာမှာ WHO ကလည်း ကြေညာချက်ထွက်လာတာ ဖြစ်ပါတယ်။

တနှစ်မှ ၂ ခါပဲ ထိုးရတဲ့ဆေးဟာ နေ့စဉ်သောက်သုံးရတဲ့ ဆေးတွေနဲ့ တခြား ရေတိုနည်းလမ်းတွေထက် ပိုပြီးတော့ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အက်ဒနွန် ဂီဘရီယေးဆက်စ်က “HIV ကာကွယ်ဆေးက ခက်ခဲနေချိန်မှာ lenacapavir ကတော့ အကောင်းဆုံးအရာ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ရန်ပုံငွေထောက်ပံ့မှုပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေသလို HIV နဲ့ပတ်သက်တဲ့ အဆိုးမြင်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အချိန် ၂၀၂၄ ခုနှစ်အတွင်း HIV ကူးစက်မှု ၁ ဒသမ ၃ သန်းအထိ ရှိခဲ့ပါတယ်။

HIV ကာကွယ်ရေး အားထုတ်မှုတွေလည်း တိုးတက်မှုမရှိဘဲ ဖြစ်နေတဲ့အချိန်မှာ lenacapavir  ဆေးကို အတည်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။

မနှစ်က ဒီဆေးကို အကြီးစားစမ်းသပ်မှု ပြုလုပ်ခဲ့ရာမှာ HIV ကူးစက်မှု ကာကွယ်ရေးအတွက် ၁၀၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

လိင်လုပ်သားတွေ၊ ယောက်ျားချင်း လိင်ဆက်ဆံသူတွေ၊ transgender တွေ၊ မူးယစ်ဆေးသွင်းသူတွေ၊ ထောင်သားတွေ၊ ကလေးတွေနဲ့ လူပျို အပျိုဖော်ဝင်စသူတွေမှာ HIV ကူးစက်မှုက အချိုးမညီစွာနဲ့ သက်ရောက်မှု ကြီးမားနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013