Home
နိုင်ငံတကာ
ပါလက်စတိုင်း ထောက်ခံဆန္ဒပြပွဲများ ဥရောပနိုင်ငံများတွင် ပြုလုပ်
DVB
·
October 5, 2025
Photo: REUTERS/Yara Nardi

ပါလက်စတိုင်းကို ထောက်ခံဆန္ဒပြပွဲတွေကို  ဥရောပနိုင်ငံတွေအနှံ့အပြားမှာ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

ဂါဇာကမ်းမြောင်ကို အစ္စရေးက ပိတ်ဆို့ထားမှုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံကြောင်း ဖော်ပြခဲ့တာပါ။

ဗြိတိန်မှာ လန်ဒန်မြို့လယ်ကစပြီး  ထရက်ဖာဂဲရင်ပြင်မှာ ဆိုင်းဘုတ်တွေ၊ ပါလက်စတိုင်းအလံတွေ၊ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာပါ။

ဆန္ဒပြသူတယောက်က “ကျနော်ဒီကို ရောက်နေတာက ဂါဇာမှာရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့ပါ။ ပါလက်စတိုင်း ၆၆,၀၀၀ ကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ကာကွယ်ဖို့ပါ။ ဒီလိုဖြစ်ရပ်တွေကို မကာကွယ်နိုင်ဘဲ ပူးပေါင်းလုပ်ဆောင်နေတဲ့ အစိုးရကိုလည်း ဆန္ဒပြဖို့ပါ” လို့ ပြောပါတယ်။

လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ စနေနေ့ ဆန္ဒဖော်ထုတ်မှုမှာ လူ ၄၄၂ ယောက်ထက် မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဗြိတိန်မှာလိုပဲ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့မှာ လူထောင် ပေါင်းများစွာ ဆန္ဒဖော်ပြခဲ့ကြပါသေးတယ်။

ပါလက်စတိုင်းတွေကို ကိုယ်ချင်းစာတယ်ဆိုတဲ့ ဖော်ပြမှုတွေနဲ့ လမ်းပေါ်ထွက်ခဲ့တာဖြစ်ပြီး အစိုးရကိုလည်း အစ္စရေးနဲ့ ပူးပေါင်းမှုမလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဆန္ဒပြသူ ၁၀,၀၀၀ ကျော်ရှိပြီး ပါလက်စတိုင်းအလံတွေကိုင်ကာ စစ်ပွဲရပ်ဖို့ လူမျိုးတုံးသတ်ဖြတ်မှုတွေရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဂါဇာစစ်ပွဲရပ်တန့်ရေးအတွက် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာလည်း ဆန္ဒပြသူ ထောင်နဲ့ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေ သေဆုံးမှု ၆၇,၀၇၄ ယောက်အထိရှိပြီး ဒဏ်ရာရသူ ၁၆၉,၄၃၀ ယောက်အထိ ရှိတယ်လို့ ကျန်းမာရေးအဖွဲ့က စနေနေ့မှာ ထုတ်ပြန်ထားပါတယ်။ 

Source: Retuers

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013